တောင်ကြီး မေ-၂၁
ရှမ်းပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)ကို မေ(၂၁)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ရှမ်းပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ပထမအပတ်စဥ်တွင် သင်တန်းသား(၁၃၄)ဦး တက်ရောက်ခဲ့ပြီး ဒုတိယပတ်စဥ်တွင် သင်တန်းသား(၆၀၉)ဦး တက်ရောက် ခဲ့ပါကြောင်း၊ တတိယအပတ်စဥ်အနေဖြင့် သင်တန်းသား(၆၇၂)ဦး တာဝန်ထမ်းဆောင်ရန် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့မှ သတ်မှတ်အင်အား စာရင်းပေးပို့လာပါကြောင်း၊ သတ်မှတ်သင်တန်းသား အရေအတွက် ပြည့်မီစေရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ၊ ခရိုင်၊ မြို့နယ်များမှ မိမိတို့အား သတ်မှတ်ပေးထားသည့် သင်တန်းသား အင်အား အရေအတွက် ပြည့်မီစေရေးကို အထူးအလေးထား ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း /ဒေသ၊ ခရိုင်/ မြို့နယ်များမှ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးနှင့် ပတ်သက်၍ သင်တန်းသားများ ရွေးချယ်စေလွှတ် ရာတွင် စနစ်တကျရွေးချယ်စေလွှတ်ပေးရန် လိုအပ်ပါကြောင်း၊ ပထမအပတ်စဥ်နှင့် ဒုတိယအပတ်စဥ် သင်တန်းများသို့ သင်တန်းသားများ ပေးပို့ရာတွင် ကိုယ်လက်အင်္ဂါမသန်းစွမ်းသူများ၊ ဆေးအဆင့်ပြည်မီခြင်း မရှိသူများ ပါဝင်လာသည်ကို တွေ့မြင်ရပါကြောင်း၊ ၎င်းအပြင် အသက်(၁၈)နှစ် မပြည့်သူများနှင့် အသက်(၃၅)နှစ်ကျော်လွန်သူများ ပါဝင်သည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ တတိယအပတ်စဥ် သင်တန်းသားများ စေလွှတ်ရာတွင် အလားတူသင်တန်းသားများ ပါဝင်မှု မရှိစေရေးအတွက် အလေးထားဆောင်ရွက်ပေးကြရန်၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဥ်များတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ငွေကြေးကောက်ခံမှုများရှိနေသည့် သတင်းအားကြားသိရပါကြောင်း၊ ထို့သို့ဆောင်ရွက်ခြင်းများကို စိစစ်ဖော်ထုတ်ပြီး အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆင့်ဆင့်သော ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ အနေဖြင့် ငွေကြေးကောက်ခံမှုများ မရှိစေရေး ကြပ်မတ်ဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးနှင့်ပတ်သက်၍ ခြိမ်းခြောက်မှုများရှိလာပါက ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားကြရန်နှင့် ဆောင်ရွက်ထားရှိမှု အခြေအနေကို ပြည်နယ်သို့ ပြန်လည်တင်ပြပေးရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက ဆွေးနွေးပြီး ရှမ်းပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များမှ ဆွေးနွေး၍ အစည်းအဝေး တက်ရောက်လာသူများမှ ဆွေးနွေးခြင်းနှင့် အထွေထွေဆွေးနွေးကြကာ ရှမ်းပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့