တောင်ကြီး မေ-၂၀
၂၀၂၄ခုနှစ် ဧပြီလအတွင်းမှစ၍ ရှမ်းပြည်နယ်ရှိမြို့နယ်များ၌ သန်းခေါင်စာရင်းအရ တည်ရှိနေသော စာမတတ်သူများကို သင်ကြားပေးသည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို (၁)ရက် ပျှမ်းမျှ(၃)နာရီ၊ နာရီအားဖြင့်၁၂၀၊ ရက်အားဖြင့်၄၀ကြာ၊ သင်ကြားပေးခဲ့သည့် စာတတ်မြောက်ရေးလုပ်ငန်းမှာ စာသင်သားပေါင်း ရှမ်းပြည်နယ်(၃)ခုတွင် (၆၉၀၅)ဦး၊ စာသင်ဝိုင်းပေါင်း (၃၉၄)ဝ်ုင်းစုဖွဲ့၍ စေတနာလုပ်အားပေး နည်းပြကြီးကြပ်ပေါင်း (၅၈၉)ဦးတို့က စေတနာ၊ ဝါသနာ၊ အနစ်နာခံ၍ သင်ကြားပေးခဲ့ကြရာ အများစုသည် စာတတ်မြောက်သွားကြပြီးကြောင်း သိရသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄ခုနှစ်၊ အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းဂုဏ်ပွဲကို မေ(၂၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဂုဏ်ပြုပွဲအခမ်းအနားတွင် ရှမ်းပြည်နယ် ကျေးလက်ဒေသ နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး ပြည်နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာရေးနည်းလမ်းနှင့် လက်လှမ်းမမီခဲ့သူများအတွက် ကျောင်းပြင်ပ ပညာရေးနည်းလမ်းဖြင့် သင်ကြားပေးသွားနိုင်ရေးအတွက် လမ်းညွှန်မှုပြုထားခဲ့ပါကြောင်း၊ နိုင်ငံတော်က ကောက်ယူခဲ့သည့် ၂၀၁၉ခုနှစ် ကြားဖြတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်နှင့် အထက်လူငယ်နှင့် သက်ကြီးစာမတတ်သူပေါင်း တစ်နိုင်ငံလုံးတွင် (၄.၁)သန်းခန့်ရှိကြောင်း ထုတ်ပြန်ထားပါကြောင်း အလားတူ ၂၀၁၄ခုနှစ်တွင် ကောက်ယူထားသည့် ပြည်ထောင်စု လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေခဲ့ရသူ၊ ကျောင်းစောထွက်သွားခဲ့ရသည့် ကလေးပေါင်း (၂.၇)သန်း ခန့်ရှိကြောင်း ထုတ်ပြန်ထားသည့်ကို တွေ့ရပါကြောင်း၊ ၎င်းအခြေအနေများကို ကုစားနိုင်ရန်၊ တစ်နည်းအားဖြင့် စာမတတ်သူဦးရေ လျော့ချနိုင်ရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပညာရေးဝန်ကြီးဌာန၏ နည်းပညာပံ့ပိုးမှု၊ ထောက်ပံ့ပစ္စည်းများ ပံ့ပိုးမှုကို ရယူရန် ၂၀၂၃ခုနှစ်အတွင်း ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ်(၃)မြို့နယ် ရှမ်းပြည်နယ်အတွင်းရှိ အကျဥ်းထောင်အချုပ်ထောင်များနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ်(၄)မြို့နယ် တွင် အခြေခံစတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးသွားသည့် ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ်(၃)မြို့နယ်တွင် ဦးတည်အုပ်စုနှင့် ကိုက်ညီသူများကို သင်ကြားပေးရသည့် စဥ်ဆက်ပညာရေးလုပ်ငန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်သာပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ပညာ) ဒေါက်တာဝင်းဖေက စာတတ်မြောက်ရေးနှင့် ကျောင်းပြင်ပ ပညာရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက် ဆောင်ရွက်ရန်များကို ရှင်းလင်းတင်ပြပြီး ကျောင်းပြင်ပ ပညာရေး၏ ကဏ္ဍများဖြစ်သည့် စာတတ်မြောက်ရေးနှင့် စဥ်ဆက်ပညာရေး ပညာပေး “မနီတို့၏ရွာနှင့်မြစ်” ဇာတ်လမ်းတို ဗီဒီယိုပြသည်။
ထို့နောက် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် ရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မှတ်တမ်းလွှာများ ပေးအပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးတို့မှ လက်ခံရယူပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့သည့် စေတနာလုပ်အားပေး နည်းပြ၊ ကြီးကြပ်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ပေးအပ်ရာ နည်းပြ၊ ကြီးကြပ်တာဝန်ရှိ ဆရာမမှ လက်ခံရယူ၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားခဲ့သည့် စာသင်သားများအတွက် သင်ယူပြီးမြောက် ကြောင်း လက်မှတ်ကို ကျောင်းပြင်ပနှင့် တစ်သက်သာ ပညာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပညာ) ဒေါက်တာဝင်းဖေက ပေးအပ်ရာ စာသင်သားတစ်ဦးမှ လက်ခံရယူပြီး တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာမှ စာသင်သူ ဒေါ်နန်းလေးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့