တောင်ကြီး           မေ-၁၀
နိုင်ငံသားတိုင်းအနေဖြင့် ဥပဒေကို သိရှိနားလည်နိုင်ရန်နှင့် ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာ သင်ကြားပေးနိုင်ရေး အတွက် မေ(၁၀)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဥ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဥပဒေအသိပညာပြန့်ပွားစေရေးကို ဆောင်ရွက် ပေးခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေးကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနိုင်ခြင်း ဖြင့် အဂတိလိုက်စားမှု ကင်းစင်သော နိုင်ငံတစ်နိုင်ငံဖြစ်လာပြီး အကျိုးကျေးဇူးများ ရရှိလာနိုင်မှာဖြစ်ကြောင်း၊ ဥပဒေ အသိပညာ ပြန့်ပွားရေးသင်တန်းများကို ဖွင့်လှစ်ခြင်းအားဖြင့် ဥပဒေအသိပညာများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေး နိုင်မည်ဖြစ်ပြီး နောက်နောင်များတွင် အလျဥ်းသင့်သလို ဥပဒေအသိပညာပေး သင်တန်းများ ဖွင့်လှစ်နိုင်ရန်အတွက် ကူညီဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းစဥ်များကို  ယခုထက်ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ထိရောက်ကောင်းမွန်သည့် နည်းဗျူဟာများကို ချမှတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဥပဒေကို နိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာမှသာ မိမိတို့ လုပ်ကိုင်ဆောင်ရွက်မှုများ အမှားအယွင်း မရှိဘဲ ဥပဒေနှင့်အညီ အကျိုးရှိသည့် မှန်ကန်ထိရောက်သော လုပ်ရပ်များကို ဆောင်ရွက်နိုင်မှာဖြစ်ပြီး နိုင်ငံတော်အတွက် သာမက ပြည်သူလူထုအတွက်ပါ ကောင်းကျိုးရလဒ်များ ဖော်ဆောင်နိုင်မှာဖြစ်ပါကြောင်း၊ ပြည်သူလူထုများ ဥပဒေကို ပိုမိုသိရှိနားလည် လိုက်နာဆောင်ရွက် နိုင်ရေးအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို တိုးမြှင့်အကောင်အထည် ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းနှင့် ပက်သက်၍ အမှာစကားပြောကြားပြီး ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယို ဖိုင်အား ပြသ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဦးအောင်အောင်က သင်တန်းအတွက် ဂုဏ်ပြုငွေပေးအပ်ရာ ပြည်နယ်ဥပဒေအရာရှိ ဦးအေးလွင်မှ လက်ခံရယူသည်။
အဆိုပါ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဥ် (၁/၂၀၂၄) သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၁၂၀)ဦး တက်ရောက်၍ နည်းပြ(၁၂)ဦးဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ပြည်ထောင်စုရှေ့နေချုပ် ဥပဒေနှင့် နည်းဥပဒေများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ၊ ရာဇသတ်ကြီး၊ လူကုန်ကူးမှုတားဆီနှိမ်နင်းရေးဥပဒေ၊ တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ပြည်သူ့ စစ်မှုထမ်းဥပဒေ၊ မတရားအသင်း အက်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေ၊ အစိုးရလျှို့ဝှက်အက်ဥပဒေ၊ စာချုပ်စာတမ်းမှတ်ပုံတင် ဥပဒေဘာသာရပ်များ သင်ကြားပို့ချသွားမည့်ဖြစ်ပြီး သင်တန်းကို မေလ(၁၀)ရက်မှ (၁၄)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့