တောင်ကြီး ဧပြီ-၃၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖလားမြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ရှမ်းပြည်နယ်လက်ရွေးစင် ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲကို ဧပြီ(၃၀)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသည်။
ဖွင့်ပွဲနှင့်အောင်နိုင်ရေးအလံ ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မြို့နယ်အလိုက် အသက် (၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပခြင်းဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ပိုက်ကျော်ခြင်း အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာခြင်း၊ လူငယ်မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ခြင်း၊ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အချင်းချင်း ချစ်ခင်စည်းလုံးမှု ရရှိလာခြင်း၊ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစာသမားများ ပေါ်ထွက်လာစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မှာ ဖြစ်ကြောင်း နှင့် တစ်ဆက်တည်းတွင် ၂၀၂၄ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ကြမည့် ရှမ်းပြည်နယ်လက်ရွေးစင် ဘော်လီဘောအမျိုးသား၊ အမျိုးသမီးအသင်းတို့ကို မှာကြားလိုသည်မှာ ရှမ်းပြည်နယ်အမျိုးသား ဘော်ဘီဘော အသင်းတို့သည် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲတွင် တံခွန်စိုက်ဆု ဖလားကို အကြိမ်ကြိမ်ရရှိခဲ့သည့် အသင်းဖြစ်ပါကြောင်း၊ ယခု ၂၀၂၄ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ကြမည့် ရှမ်းပြည်နယ်လက်ရွေးစင် ဘော်လီဘောအမျိုးသား၊ အမျိုးသမီးအသင်းအနေဖြင့် အသင်း၏ စည်းလုံးညီညွှတ်မှုအား၊ စိတ်ဓာတ်ခွန်အားတို့ဖြင့် ယှဥ်ပြိုင် ကစားပြီး ပထမတံခွန်စိုက်ဆု ဖလားကြီးကို (၃)ကြိမ်ဆက်တိုက်ရယူကာ ရှမ်းပြည်နယ်၏ ဂုဏ်ကိုအစွမ်းကုန်မြှင့်တင်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ပိုက်ကျော်ခြင်း ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် အားကစား သမားများနှင့် ရှမ်းပြည်နယ်လက်ရွေးစင် ဘော်လီဘောအသင်းတို့အား လိုက်လံနှုတ်ဆက်ကြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်လက်ရွေးစင် ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေ၊ အမှတ်(၇)အခြေခံပညာအထက်တန်း ကျောင်း ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ တာဝန်ရှိသူများမှ အသီးသီး လက်ခံရယူကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန် ရှိသူတို့က ပထမပွဲစဥ်အဖြစ် တောင်ကြီးမြို့နယ် အသင်းနှင့် ကျိုင်းတုံမြို့နယ်အသင်း ယှဥ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြရာ တောင်ကြီးမြို့နယ်အသင်းမှ (၂)ပွဲပြတ် အနိုင်ရရှိသွားကြောင်း သိရသည်။
အဆိုပါ ပြည်နယ်ဝန်ကြီးချုပ် ဖလားမြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မြို့နယ်(၃၅)မြို့နယ်မှ အမျိုးသား(၃၅)သင်း၊ အမျိုးသမီး(၁၃)သင်း ပါဝင်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲကို မေလ(၆)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
း