တောင်ကြီး ဧပြီ-၂၁
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်၊ ပြည်နယ်၊ ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်များနှင့် တာဝန်ရှိသူတို့သည် ဧပြီ(၂၁)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာဘုရား ဘက်စုံမွမ်းမံပြုပြင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်ကြီးမြို့ စူဠာမုနိဘုရားလောကချမ်းသာဘုရားအား Grade 7 Rays ကုမ္ပဏီမှ တာဝန်ယူ၍ ဘုရားအမိုးပေါ်ရေများစိမ့်ကျမှုမရှိစေရန် ရေလုံမှုပြုပြင်ခြင်း၊ ဘုရားအတွင်းအပြင် နံရံဆေးသုတ်ခြင်းများ ပြုပြင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၄ခုနှစ် တောင်ကြီးလူရည်ချွန် အပန်းဖြေစခန်းထားရှိမည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအား သွားရောက်၍ အခမ်းအနားကျင်းပမည့် ခန်းမ၊ အမျိုးသား၊ အမျိုးသမီး အိပ်ဆောင်၊ စားသောက်ခန်းမ၊ ရေချိုးခန်း၊ အမျိုးသား၊ အမျိုးသမီးသန့်စင်ခန်းတို့ကို လှည့်လည်ကြည့်ရှူစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ပြီး တောင်ကြီးလူရည်ချွန်စခန်းဖွင့်ပွဲကျင်းပမည့် တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
၂၀၂၄ခုနှစ် တောင်ကြီးလူရည်ချွန်စခန်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း၊မြောက်ပိုင်း၊အရှေ့ပိုင်း)မှ (၈၄)ဦး အရွေးချယ်ခံရပြီး တစ်နိုင်ငံလုံး စုစုပေါင်း(၁၄၀)ဦး ကြီးကြပ်(၁၆)ဦးသည် ဧပြီလ(၂၇)ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး