နောင်တရား မတ် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ (၇၅)နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့ ကို မတ်လ(၂၄)ရက် နံနက် ၈ နာရီတွင် ကျင်းပသည်။
ပအိုဝ်းအမျိုးသားနေ့ကိုနှစ်စဉ် တပေါင်းလပြည့်နေ့တွင် ကျင်းပလျက်ရှိပြီး နောင်တရားမြို့ စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ယနေ့အထိ (၅) ကြိမ်မြောက်အဖြစ် (၇၅)နှစ်မြောက် စိန်ရတုပအိုဝ်းအမျိုးသားနေ့ကို ကျင်းပသည်။ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားတွင် နိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံတင်အခမ်းအနားပြုလုပ်ခြင်း၊ လွယ်အုဲင်လွုမ်းမွေးကျောင်း ဆရာတော် ဦးရာဇဂုရု က ဩဝါဒမိန့်ကြားခြင်း၊ မော်စောထီးက ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီမှ ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခြင်း၊ ခွန်တီးမောင်က ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဗဟိုဥက္ကဌ ဦးခွန်ဝင်းကိုမှ ပေးပို့သည့် သဝဏ်လွှာဖတ် ကြားခြင်း၊ ၁၃၈၄ ခုနှစ် ပအိုဝ်းအမျိုးသားနေ့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရိုးရာဆု၊ ခေတ်သစ်ရိုးရာဆု၊ ပွဲဝင်အလှဆု၊ အလှမယ်ဆု များကို စန္တခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း ကော်မတီအဖွဲ့မှ ပေးအပ်ခဲ့သည်။ ဆက်လက်၍ စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း ကော်မတီဥက္ကဌ ဦးခွန်ဖိုးစိန် က စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း အောင်မြင်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည့် ပအိုဝ်းတိုင်းရင်းသားများကို ကျေးဇူးတင်စကားပြောကြားသည်။ ထိုနောက် အခမ်းအနားကို နီတွမ်းနီ သီချင်းရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုပအိုဝ်းအမျိုးသားနေ့တွင် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်ခြင်း၊ သံဃာတော်များထံမှ ငါးပါသီလနှင့် နိဗ္ဗာရောက်ကြောင်း တရားတော်များကို အတူတကွနာယူ ပြီး ပအိုဝ်းတိုင်းရင်းသားများက မိမိတို့ လှူဒါန်းခဲ့သည့် ကထိန်သင်္ကန်းနှင့် ဆွမ်းအကျိုးများကို အမျှတမ်းပေးဝေသည်။
(၇၅)နှစ်မြောက် စိန်ရတုပအိုဝ်းအမျိုးသားနေ့အခမ်းအနားသို့ ပအိုဝ်းတိုင်းရင်းသား လူငယ် (၁၅၀၀)ကျော်တက်ရောက်ခဲ့ပြီး ယခင်နှစ်များကဲ့သို့ ပဒေသာပင်လှည့်ခြင်း၊ အားကစား ပြိုင်ပွဲများကျင်းပခြင်းနှင့် အကပဒေသာများထည့်သွင်းခြင်း မပြုဘဲ ပအိုဝ်းအမျိုးသားနေ့ကို အကျဉ်းချုပ်သာကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး