ပင်းတယ မတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာအုပ်စု၊ ဝါတရာကျေးရွာ၌ မတ်လ (၂၃)ရက် နံနက် ၉ နာရီက ရပ်ရွာလူထုအခြေပြု ပွေးလှ-ဝါတရာကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာကောင်မတီဝင်များနှင့် ကျေးရွာနေဒေသခံပြည်သူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်းနှင့် တာဝန်ရှိသူများက ရပ်ရွာလူထုအခြေပြု ပွေးလှ-ဝါတရာကတ္တရာလမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကတ္တရာလမ်းအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် လမ်းဖွင့်ပွဲအခမ်းအနားဒုတိယပိုင်းအစီအစဉ်အား ဝါတရာကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်းက ကတ္တရာလမ်း ဖွင့်ပွဲနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ကျေးရွာနေပြည်သူများ၏ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေးအတွက် လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်ဖို့သည် အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် ကျေးရွာလူထုကိုဗဟိုပြုပြီး ကျေးရွာရဲ့ပကတိအမှန်လိုအပ်ချက်တွေကို ကျေးရွာနေပြည်သူများက ပူးပေါင်း ဖော်ထုတ်ကြကာ ဆောင်ရွက်တဲ့ ကတ္တရာလမ်းဖြစ်ပြီး ကျေးရွာနေပြည်သူများကလည်း မိမိတို့ကျေးရွာအတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ကြသဖြင့် ရရှိလာတဲ့ဖွံ့ဖြိုးရေးအသီးအပွင့်များကို မျက်ဝါး ထင်ထင်တွေ့မြင် ကြရပြီးဖြစ်ပါကြောင်း၊ ကျေးရွာသူ/ကျေးရွာသားတွေအနေဖြင့်လည်း ပူးပေါင်းခြင်း၏အင်အား စည်လုံးခြင်း၏ အင်အား၊ ကျေးရွာရဲ့စိတ်ဓာတ်တွေက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အင်အားကြီးမားကြောင်း၊ ကျေးရွာမှပူးပေါင်းဆောင်ရွက်တဲ့ ကတ္တရာလမ်းသစ်ကြီးက သာဓကဖြစ်တာမလို့ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်သွားကြပါရန်” တိုက်တွန်းပြောကြားသည်။ ယင်းနောက် ဝါတရာကျေးရွာလုပ်ငန်းကော်မတီဝင် (၁)ဦးက ကတ္တရာလမ်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါလူထုအခြေပြု ပွေးလှ-ဝါတရာကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ရှမ်းပြည်နယ်အစိုးရမှ ကတ္တရာ (၁၂ ဒသမ ၅)တန် ပံ့ပိုးကူညီမှု၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ လမ်းခင်းရန်လိုအပ်သည့် စက်ယန္တရားများပံ့ပိုး ကူညီမှုတို့နှင့်အတူ ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေကျပ် (၃၀၀)သိန်းဖြင့် ကျောက်၊ သဲ၊ လုပ်အားခများအတွက်အသုံးပြုကာ ကတ္တရာလမ်းအရှည် (၂၃၆၀)ပေ၊ အကျယ် (၁၂)ပေအား ဖေဖော်ဝါရီလ ၁၆ရက်မှစတင်ဆောင်ရွက်ခဲ့ရာ မတ်လ ၇ ရက်နေ့တွင်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာ ကော်မတီဝင်များ၊ ကျေးရွာသူ/ကျေးရွာသားများနှင့် တွေ့ဆုံကာပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်း စရာများနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်းဆွေးပွဲကိုဆောင်ရွက်ခဲ့ကြရာ ဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် ကျေးရွာသူ/ကျေးရွာသားများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအာကာလင်းနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပင်းတယမြို့နယ်၊ ငှက်ပျောတောရပ်ကွက်အတွင်းရှိ ရွှေဥမင်သဘာဝလှိုဏ်ဂူဘုရားနယ်မြေအတွင်း၌ နှစ်စဉ်ကျင်းပပြုလုပ်သည့် တပေါင်းလပြည့်အဖိတ်နေ့ မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ သွားရောက်၍ ဆရာတော်/သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး