ကလော မတ်-၂၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မတ်(၂၃)ရက် နေ့လည်(၁၂)နာရီက ကလောခရိုင်၊ ကလောမြို့နယ်ခန်းမတွင် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တွေ့ဆုံကြောင်းသိရသည်။
တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ကလောမြို့ ရေပေးဝေရေးကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုနှင့် ကလောမြို့နယ် ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထုများ ပူးပေါင်းပါဝင်မှသာ အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အထွေထွေဆွေးနွေးသည့်အခါ ပွင့်လင်းမြင်သာစွာ တင်ပြဆွေးနွေးပေးကြရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်၊ မြို့နယ်အဆင့် ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များရှိပါက ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ကလောမြို့၊ အောင်ပန်းမြို့များ၏ လက်ရှိရေပေးဝေရေးဆိုင်ရာ အချက်အလက်များအား မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မိုးထွန်းမှ ရှင်းလင်းတင်ပြပြီး ကလောမြို့၊ အောင်ပန်းမြို့များ၏ တိုးချဲ့ရေပေးဝေးရေးဆောင်ရွက်နေမှုများအား မဏိဇောတနေလကုမ္ပဏီ တာဝန်ရှိသူတစ်ဦး မှ ရှင်းလင်းတင်သည်။
ထို့နောက် တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားကြောင်း သိရှိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကလောမြို့၊ မောမြေဦးပန်းခြံ အဆင့်မြှင့်ဆောင်ရွက်ထားရှိမှု၊ရိုး ရာမီးကြာစံနှင့် မီးရှော်တိုင်ပွဲတော် ကျင်းပသည့်နေရာသို့အား သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး