ဟိုပုံး မတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် အခြေခံပညာ ဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်း ကတ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို မတ်လ(၂၁)ရက် နံနက်(၁၀) နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
သင်တန်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစန်းလှိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေး စစ်ဆေးချိန်တွင် ကျောင်းသား/ ကျောင်းသူ တစ်ဦးချင်းစီအတွက် ကျန်းမာရေးစစ်ဆေးတွေ့ရှိချက် များကို စနစ်တကျမှတ်တမ်းတင်ထားရန်၊ ကျောင်းသားမိဘများ၊ အုပ်ထိန်းသူများနှင့် ဆရာ/ဆရာမ တို့က မိမိကျောင်းရှိ ကျောင်းသားကလေးများတွင် အဖြစ်များသောရောဂါ ကျန်းမာရေးပြသနာများကို ဖော်ထုတ်သိရှိနိုင်စေရန်၊ မိဘများသို အသိပေးခြင်း၊ အချိန်မီလွှဲပြောင်းကုသခြင်း၊ ကျန်းမာရေးဌာန နှင့်ချိတ်ဆက်၍ လိုအပ်သည့် စောင့်ရှောက်မှုများကို ရယူရန်၊ မိဘ၊ ဆရာနှင့် ကျောင်းသား/သူများက ကျန်းမာရေးကို ပိုမိုစိတ်ပါဝင်စားလာစေရန်၊ ကျောင်းကျန်းမာရေးဆိုင်ရာ လုပ်ငန်းရပ်များကို မိဘများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ ကျောင်းသား/ ကျောင်းသူ တစ်ဦးချင်းစီအတွက် ကျန်းမာရေးစစ်ဆေးတွေ့ရှိချက်များကို စနစ်တကျမှတ်တမ်းပြုစုထားနိုင်ရန် ယခုလို ကျောင်း ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ် အဆင့်သင်တန်းဖွင့်လှစ်ပေးရ ခြင်းဖြစ်ကြောင်းနှင့် ရက်တိုသင်တန်းဖြစ်သော်လည်း ကျွမ်းကျင်သည့် သင်တန်းနည်းပြများ၏ ရှင်းလင်းဆွေးနွေးမှုများကို သေချာစွာလေ့လာမှတ်သားသွားကြရန် ပြောကြားသည်။ အဆိုပါ သင်တန်းကို ဟိုပုံးမြို့နယ်ရှိ အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများအား မတ်လ(၂၁)ရက် နေ့မှ မတ်လ(၂၂)ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး