ကျိုင်းတုံ ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့)ပိုင်း၊ ကျိုင်းတုံမြို့ ဓမ္မောဓယစာသင်တိုက် ဦးစီးနာယကဆရာတော် ဘဒ္ဒန္တ နန္ဒမေဓာ အန္တိမအဂ္ဂိဈာပနပူဇာ အခမ်းအနားကို ဒီဇင်ဘာ(၂၇)ရက် ညနေပိုင်းက ကျိုင်းတုံမြို့ ဘုရားကိုးဆူဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ တပည့်ဒါယကာ ဒါယိကာမများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။
ရှေးဦးစွာ တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာဓမ္မသာမိထံမှ ပေးပို့သော အောက်မေ့ဖွယ် သဝဏ်လွှာကို တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်မှ ဘဒ္ဒန္တ ဒေါက်တာပဏ္ဍဝက ဖတ်ကြားလျှောက်ထား ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဇနီးများ တာဝန်ရှိသူများနှင့် အလှူရှင်များက ပံသကူသင်္ကန်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
၎င်းနောက် ဆရာတော်၏ရုပ်ကလာပ်တော်အား ဓမ္မာရုံမှလောင်တိုက်ပြသာဒ်တော်သို့ အစီအစဉ်အတိုင်း ပင့်ဆောင်ကြပြီး လားရှိုးမြို့ မန်ဆူရှမ်းကျောင်းဆရာတော် ဘဒ္ဒန္တပုညာနန္ဒ သီရိမင်္ဂလာ ဆရာတော်က နောက်ဆုံးပူဇော် ကန်တော့ခြင်းနှင့် အမျှပေးဝေခြင်းကို ရှမ်း၊ မြန်မာနှစ်ဘာသာဖြင့် ပူဇော်ပြီး အန္တိမအဂ္ဂိဈာပန တေဇောဓာတ်ဖြင့် ဥတုဇရုပ်ကလာပ်တော်အား ပူဇော်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး