ကျိုင်းတုံ ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ရောက်ရှိနေသော ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် ပြည်နယ်ဝန်ကြီးများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့နှင့် ပတ်ဝန်းကျင်ရှိ ခရီးသွားလုပ်ငန်း အထောက်အကူပြု ခရီးစဉ်ဒေသများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံမြို့ရှိ သစ်တစ်ပင်တောင် အပန်းဖြေစခန်းသို့သွားရောက်ပြီး ဒေသ၏ အထင်ကရ ခရီးသွားဆွဲဆောင်မှု နေရာတစ်ခုအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထားရှိမှု အပန်းဖြေဥယျာဉ် ဖန်တီးထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နောင်တုံကန် ပတ်ဝန်းကျင်နှင့် ကျိုင်းတုံဟော်နန်း တည်ဆောက်နေမှု လုပ်ငန်းခွင်သို့ သွားရောက်ကြည်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဟာမုနိဘုရားအား သွားရောက်ဖူးမျှော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းရာ ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သက်တမ်းရင့် လက်ဖက်စိုက်ခင်းများတည်ရှိရာ ဝမ်ဆိုင်းကျေးရွာသို့ သွားရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်း အထောက်အကူပြု ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်ဖော်ဆောင်နိုင်ရေး လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဝမ်ဆိုင်းဒေသထွက် လက်ဖက်ခြောက်အား ဝမ်ဆိုင်းဒေသအမှတ်အသားအဖြစ် ဈေးကွက်အတွင်းသို့ ထိုးဖောက်မြှင့်တင်သွားနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိအောင် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားနိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကတ်တောင်ကျေးရွာအုပ်စု၊ ဟိုယန်းကျေးရွာရှိ ကျိုင်းတုံရေတံခွန်သို့သွားရောက်ပြီး သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထားရှိမှုနှင့် ရေတံခွန်ပတ်ဝန်းကျင်တလျှောက် လှည့်လည်ကြည်ရှုခဲ့၍ သဘာဝပတ်ဝန်းကျင်နှင့် ရေဝေရေလဲဒေသ မထိခိုက်စေရေး လမ်းညွှန်မှာကြားပြီ ဒေသခံတိုင်းရင်းသားရိုးရာအကအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး