ကျိုင်းတုံ ဒီဇင်ဘာလ(၂၄)ရက်
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရွှေတြိဂံဇုန်)တို့ ပူးပေါင်းကျင်းပသော ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာ အစားအစာပြပွဲ (၂၀၂၃)ဖွင့်ပွဲကို ဒီဇင်ဘာ (၁၄)ရက် နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်တုံမြို့နယ် လွိုင်မွေတောင်စခန်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့်ဇနီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖ များနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။
ရှေ့ဦးစွာ ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာအစားအစာ ပြသရောင်းချပွဲတော်ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တိုင်းရင်းသားကိုယ်စားလှယ်(၁)ဦးတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြသည်။
ထို့နောက် အခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ခရီးစဉ်ဒေသတစ်ခု ဖြစ်သော လွိုင်မွေဒေသ၌ ချယ်ရီပန်းပွဲတော်ကို ၂၀၂၂ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့ကျင်းပခြင်းမှာ တတိယအကြိမ်မြောက်ဖြစ်ပါကြောင်း၊ ချယ်ရီပန်းပွဲတော်နှင့်အတူ တိုင်းရင်းသားရိုးရာအစား အစာပြသရောင်းချပွဲတော်ကို ပထမဆုံးအကြိမ်ဖြစ် စတင်ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ယခုပွဲတော်အား ယင်းဒေသ၏ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝကိုမြတ်နိုး၍ ချယ်ရီပန်းများအား ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ အစားအစာများကို ဖော်ထုတ်မြှင့်တင်ပေးရန်နှင့် ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်စေခြင်းဖြင့် ခရီးသွားလုပ်ငန်းများမြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏အကြီးဆုံးပြည်နယ်ဖြစ်သည့် ရှမ်းပြည်နယ်တွင် တိုင်းရင်းသားမျိုးနွယ်စု ပေါင်း(၃၀)ကျော် စုပေါင်းနေထိုင်ကြပြီး ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ရိုးရာအစားအစာ နှင့်ပွဲတော်များ၊ ရာသီဥတုနှင့် သဘာဝအရင်းအမြစ်များ၊ ကိုလိုနီခေတ်ရှေးဟောင်းအဆောက် အဦများရှိသည့်အတွက် ပြည်တွင်းပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ပါကြောင်း၊ ကျိုင်းတုံ ဒေသနှင့် အနီးဝန်းကျင်၌ ယခုကဲ့သို့ ပွဲတော်များကျင်းပခြင်းမှာ အာဆီယံဒေသတွင်း ခရီးသွား လုပ်ငန်းများနှင့် တရုတ်(ဆစ်ဆောင်ပနား)- လာအို(လွမ်ပရာဘန်)- မြန်မာ(ကျိုင်းတုံ)-ထိုင်း (ချင်းမိုင်) (၄)နိုင်ငံခရီးစဉ်ဒေသတစ်ခု အစီအစဉ်ကို တစ်စိတ်တစ်ဒေသအနေဖြင့် မြှင့်တင်ဆောင် ရွက်ခြင်းဖြစ်ပါကြောင်း၊
ဒေသ၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသခံများ အတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတို့ကိုရရှိစေပါကြောင်း၊ ကျိုင်းတုံဒေသ၌ ခရီးသွားလုပ်ငန်းအမျိုးအစားပေါင်းစုံကို ဖော်ထုတ်နိုင်ပါကြောင်း၊ ရိုးရာအစားအစာဖန်တီးပြသ မှုပွဲတော်များ ကျင်းပခြင်းဖြင့် ဒေသအလိုက်မတူကွဲပြားသည့် မြန်မာ့ရိုးရာအစားအစာများကို ဒေသတွင်းနှင့် နိုင်ငံတကာက သိရှိအောင် မြှင့်တင်ကြော်ငြာရာတွင် အထောက်အပံ့ဖြစ် စေပါကြောင်း၊ ယခုကဲ့သို့ ပွဲတော်များကို နှစ်စဉ်ကျင်းပနိုင်ပြီး ရှမ်းပြည်နယ်၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရေး ဆက်လက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြ စေလိုပါကြောင်း တိုက်တွန်းပြောကြားပါသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာအစားအစာပြသရောင်းချပွဲ ကျင်းပရခြင်း၏အကြောင်းအရင်းများ၊ ဟိုတယ် နှင့် ခရီးသွားကဏ္ဍအတွင်း ဝန်ဆောင်မှုပေးနေမှုအခြေအနေများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သင်တန်းများဖွင့်လှစ်ပေးမှုများ၊ ရှမ်းပြည်နယ်သို့ ခရီးသွား ဧည့်သည် ဝင်ရောက်မှုအခြေအနေများနှင့် ခရီးသွားမြှင့်တင်ရေးအတွက် ဆောင်ရွက်နေမှုအခြေ အနေများကို ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းရင်းသားရိုးရာ အစားအစာပြပွဲတွင် ပါဝင်ပြသရောင်းချကြသည့် တိုင်းရင်းသားအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုငွေများကို ပေးအပ်ချီးမြှင့်ကြပြီး တိုင်းရင်းသားအဖွဲ့များကိုယ်စား အာခါတိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
၎င်းနောက် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ သည် တိုင်းရင်းသားရိုးရာအစားအစာ ပြသရောင်းချနေသည့် ဆိုင်ခန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဗုဒ္ဓဥယျာဉ်သို့သွားရောက်၍ ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး ကျိုင်းတုံမြို့ရှိ Keng Tung Resort Hotel ၌ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဝန်ကြီးဌာနမှ ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နေမှုအခြေအနေများ၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် နိုင်ရေးကိစ္စရပ်များ၊ ပြည်ပခရီးသွားဧည့်သည်များပိုမိုလာရောက်ရေးအတွက် ကြော်ငြာမြှင့်တင်မှုများ ဆောင်ရွက်နေမှုအခြေအနေများ၊ ခရီးစဉ်ဒေသများ၌ ခရီးသွားလုပ်ငန်းအမျိုးအစား စုံလင်အောင် အကောင် အထည်ဖော်ဆောင်နိုင်ရေး ကိစ္စရပ်များကို ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများကို ပြောကြားကာ တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လမ်းညွှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး