တောင်ကြီး ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြကန်သာပန်းခြံ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၁၃)ရက် နံနက်(၇)နာရီခွဲက၊ အဆိုပါပန်းခြံမုခ်ဦးရှေ့၌ ပြုလုပ်ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ ဘင်ခရာတပ်ဖွဲ့များနှင့် ပန်းပွားအကအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပန်းခြံအဝင်မုခ်ဦးအား နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှုး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပန်းခြံဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ဖျန်းပက်ပေးခဲ့ကြ၍ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အခမ်းအနားတက်ရောက်လာကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဘင်ခရာတပ်ဖွဲ့များနှင့် ပန်းပွားအကအဖွဲ့များအား ဂုဏ်ပြုဆု ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပန်းခြံအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က မဟော်ဂနီပင်ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က အာဖရိကန်ကျူးလစ်ပင်ကိုလည်းကောင်း အမှတ် တရစိုက်ပျိုးပေးခဲ့ကြသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပန်းခြံအတွင်း ဖွင့်လှစ်ထားသည့် ဓာတ်ပုံနှင့်ပန်းချီ အနုပညာပြခန်းအား ကြည့်ရှုအားပေးပြီး ပန်းခြံအတွင်း လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မြကန်သာပန်းခြံအတွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဖြစ်ကြသည့် ပန်းခြံအဝင်မုခ်ဦးများ တည်ဆောက်ခြင်း၊ ရေကန်ပတ်လည်တွင်လူသွားလျှောက်လမ်းနှင့် တံတားများဆောင်ရွက်ခြင်း၊ ရေကန်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဖြစ်သည့် ကမ်းထိန်းကျောက်စီနံရံနှင့် မြေကာနံရံများ တည်ဆောင်ခြင်း၊ ရေထွက်၊ရေကန်၊ တောအုပ်၊ သစ်ပင်၊ ရာသီပန်းများနှင့် မြက်ခင်းမြေယာရှုခင်းအလှများကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေဘဲ ဆောင်ရွက်ထားသည့်အပြင် ပြည်သူလူထု အပန်းဖြေနိုင်ရန် ကန်ရှုခင်းကြည့်ရှုသည့် နေရာများ၊ ကိုယ်လက်လှုပ်ရှား အားကစားပစ္စည်းများ တပ်ဆင်ခြင်း၊ ဓာတ်ပုံနှင့်ပန်းချီ အနုပညာရှင်များ၏ အနုပညာလက်ရာပြခန်း တည်ဆောက်ခင်းကျင်းပြသခြင်း၊ အနားယူအပန်းဖြေနိုင် ရန်အတွက်နေရာ ရှုခင်းအလှများ ဖန်တီးခြင်းတို့ကို ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး