တောင်ကြီး ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်၊တောင်ကြီးမြို့တွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်ဆင့်သဘာဝဘေးစီမံခန့်ခွဲမှုအခြေခံ သင်တန်း (BDMC)(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၁၁)ရက် နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ တောင်ကြီးမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီးက သင်တန်းဖွင့် အမှာစကားပြောကြားရာ၌ ယနေ့ကာလသည် ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုးဆက်ကြောင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်များနှင့်အတူ ဆက်စပ်ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရင်ဆိုင်ကြုံတွေ့နေကြရပါကြောင်း၊ ကမ္ဘာကြီး ပူးနွေးလာမှု ဖြစ်ပေါ်စေသည့်အကြောင်းတရားများကို ကြည့်မည်ဆိုပါက လူဦးရေတိုးပွားလာမှုနှင့်အတူ ရုပ်ကြွင်းလောင်စာများ ပိုမိုသုံးစွဲလာခြင်း၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၊ ညစ်ညမ်းရေများစွန့်ပစ်ခြင်း စသည့်အကြောင်းရင်းများကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများဖြစ်ပေါ်ပြီး သဘာဝဘေး အန္တရာယ်များရင်ဆိုင်ကြုံတွေ့နေရခြင်းဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု လျော့ပါး စေရေးအတွက် ဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို ပိုမိုသိရှိ နားလည်ပြီး စနစ်တကျစီမံခန့်ခွဲနိုင်ရန် ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ဆောင်ရွက် ပေးခြင်းဖြစ်သည့် အတွက် သင်တန်းသား/သူများအနေဖြင့် သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များကို သေချာ နားလည် သဘောပေါက်အောင် လေ့လာသင်ယူပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု လျော့ပါးစေရေးအတွက် ကြိုးစားဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး သင်တန်းဆက်လက်ဖွင့်လှစ်ခဲ့ကြောင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဖွဲ့စည်းထားရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အသီးသီးတွင် ပါဝင်တာဝန်ယူဆောင်ရွက်ကြသည့် ဌာနဆိုင်ရာများ၊တောင်ကြီးမြို့ပေါ်ရပ်ကွက်များနှင့် အေးသာယာရပ်ကွက်များမှ သင်တန်းသား/သင်တန်းသူ (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး