တောင်ကြီး ဒီဇင်ဘာ ၇
၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမဆောင်၌ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆုရရှိကြသော ကျောင်းသားကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တောင်ကြီးမြို့ အထက(၇) ကျောင်းသား ကျောင်းသူလေးများ က “ဇာတိမာန်”သီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ပြည်နယ်ဝန်ကြီးချုပ်က ဖတ်ကြားခဲ့သည်။
ထို့နောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ရာ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ချီးမြှင့်ပေး၍ လည်းကောင်း၊ အလယ်တန်းအဆင့် ဆုရရှိသူများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်ကလည်းကောင်း၊မူလတန်းအဆင့် ဆုရရှိသူများကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကလည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်နယ်စီးပွားရေးရာဝန်ကြီး လည်းကောင်း၊ အလယ်တန်းအဆင့် ဆုရရှိသူများကို ပြည်နယ်သယံဇာတရေးရာဝန်ကြီးက လည်းကောင်း၊ မူလတန်းအဆင့် ဆုရရှိသူများကို ပြည်နယ်လူမှုရေးဝန်းကြီး ကလည်းကောင်း၊ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လည်းကောင်း၊ အလယ်တန်းအဆင့်တွင် ဆုရရှိသူများကို ပြည်နယ်ဥပဒေချုပ် ကလည်းကောင်း၊ မူလတန်းအဆင့်တွင် ဆုရရှိသူများကို ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ကလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ ကြသည်။
ထို့နောက် အ.ထ.က(၁) တောင်ကြီး၊ အ.ထ.က(၄) တောင်ကြီးနှင့် အ.ထ.က(၇) တောင်ကြီးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ်က ချီးမြှင့်သည့် ဂုဏ်ပြုချီးမြှင့်ငွေများကို တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်က ပေးအပ်ခဲ့ပြီး အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ လေးများ က မြန်မာ့ကျောင်းသားသီးချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး