တောင်ကြီး                                             ဇွန်-၃

FIFA MFF U-15 Youth League ပြိုင်ပွဲဝင် ရှမ်းပြည်နယ် ကိုယ်စားပြု ဘောလုံးအသင်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခြင်း အခမ်းအနားကို ဇွန်(၂)ရက် နံနက်(၇)နာရီက အေးသာယာမြို့ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက FIFA MFF  U-15  Youth Leage 2023 ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်ကိုယ်စားပြု SHAN FC Southern အသင်း၊ SHAN FCNorthern အသင်း၊SHAN FC Eastern ဘောလုံးအသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၂၀၀)စီပေးအပ်ရာ အသင်းအုပ်ချုပ်သူ၊ နည်းပြ၊အားကစားသမားများမှ လက်ခံရယူကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပြိုင်ပွဲဝင် အသင်းများအား အားပေးစကားပြောကြားရာ ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားသည့်အခါ အားကစားစိတ်ဓါတ်ဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြရန်၊ ရှမ်းပြည်နယ်ကိုယ်စားပြု လူငယ်ဘောလုံးအသင်း(၃)သင်းမှ ပြိုင်ပွဲဝင် အားကစားသမားများ အနေဖြင့် မိမိတို့ကိုယ်စွမ်း၊ဉာဏ်စွမ်း ရှိသလောက်ကြိုးစားကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ် ကိုယ်စားပြု ဘောလုံးအားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့