တောင်ကြီး မတ်-၂၃
(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဌာနဆိုင်ရာများ စုပေါင်းသွေးလှူဒါန်းပွဲကို မတ်(၂၃)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးဆေးရုံနှင့်စဝ်စံထွန်းဆေးရုံကြီး၌ ကျင်းပသည်။
အမျိုးသမီးနှင့်ကလေးဆေးရုံ၊ စဝ်စံထွန်းဆေးရုံကြီးတို့တွင် ဌာနဆိုင်ရာဝန်ထမ်းများမှ သွေးလှူဒါန်းပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှုး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် တာဝန်ရှိသူတို့က သွားကြည့်ရှုအားပေးစကားပြောကြားပြီး အာဟာရပြည့် အစားစာများပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါသွေးလှူဒါန်းပွဲတွင် အမျိုးသမီးကလေးဆေးရုံ၌ ဌာနဆိုင်ရာဝန်ထမ်း (၄၂)ဦး၊ စဝ်စံထွန်းဆေးရုံကြီးတွင် ဌာနဆိုင်ဝန်ထမ်း (၇၉)ဦး စုပေါင်းသွေးလှူဒါန်းပေးကြကြောင်း သိရှိရသည်။
ဆက်လက်၍ကလောခရိုင်၊ ဟဲဟိုးမြို့ ဘော်နင်းကျေးရွာအုပ်စု၊ ဘော်နင်းရွာသစ်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အကောင်အထည်ဖော် ဆောင်ရွက်သည့် ဘော်နင်းရွာသစ်-အင်းမှီး ကျေးရွာကုန်ထုတ်လမ်းဖွင့်ပွဲကို ရှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းအားလှည့်လည်ကြည့်ရှု၍ ဘော်နင်းရွာသစ်-နတ်တော်-မြင်းတွင်း-ဝါးကြီးမြောင်ကျေးရွာချင်းဆက် ကတ္တရာလမ်းကိုလည်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ်တို့က ဖဲကြိုးဖြတ်ဖွင်းလှစ်ပေးကြပြီး ကျေးရွာချင်းဆက်ကတ္တရာလမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ထို့နောက် ဘော်နင်းကျေးရွာအုပ်စု၊ ဘော်နင်းရွာသစ်ကျေးရွာ၊ ကျေးရွာချင်းဆက်ကတ္တရာလမ်းနှင့် ကုန်ထုတ်လမ်းများ ဒုတိယပိုင်းအခမ်းအနားကို ဘော်နင်းရွာသစ်ဘုန်းကြီးကျောင်းဝင်း၌ ကျင်းပရာ ရှမ်းပြည်ဝန်ကြီးချုပ်ဦးအောင်အောင်က ယနေ့ဖွင့်ပွဲပြုလုပ်သည့် ရွာချင်းဆက်လမ်းနှင့် ကုန်ထုတ်လမ်းများသည် ဒေသခံပြည်သူများ၏ စိုက်ပျိုးထုတ်ကုန်များကို စျေးကွက်သို့ အလွယ်တကူ တင်ပို့ရောင်းချနိုင်ရန် အချိတ်အဆက်မိမိ ဆောင်ရွက်ထားရှိမှုကြောင့် ကျေးရွာနေပြည်သူများအတွက် အမှန်တကယ် အကျိုးရှိမည့်လမ်းဖြစ်ပါကြောင်း၊ ယခုရောက်ရှိနေသောဘော်နင်းရွာသစ်ကျေးရွာသည် ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် စံပြကျေးရွာဖြစ်သည့်အတွက် ကျေးရွာသူကျေးရွာသားများအနေဖြင့် စံပြကျေးရွာအကောင်အထည်ဖော်ရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့် အညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်နှင့် သက်ဆိုင်ရာဌာနများအနေဖြင့် ကဏ္ဍကြီး(၆)ရပ်မှာ ပါဝင်သော မိမိဌာနနှင့်သက်ဆိုင်သည့် အခန်းကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
၎င်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းက ဘော်နင်းရွာသစ်-အင်းမှီးကျေးရွာကုန်ထုတ်လမ်းလုပ်ငန်း ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခြင်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ်ဦးဝင်းကျော်မျိုးက ရွာချင်းဆက် ကတ္တရာလမ်းလုပ်ငန်း ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ရှင်းလင်းကြပြီး ဘော်နင်းစံပြကျေးရွာမှ တောင်ရိုးစာပေနှင့်ယဥ်ကျေးမှုအဖွဲ့ ဦးညိုအေးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးတို့က အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများကို နေရာအရောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့ကို ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး