တောင်ကြီး ဇန်နဝါရီ-၂၃
(၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားနှင့် (၁၇)ကြိမ်မြောက် မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပနိုင်ရေးအတွက် (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ(၂၃)ရက်၊ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က သက်ဆိုင်ရာ ကော်မတီအဖွဲ့များအနေဖြင့် လုပ်ငန်းများကိုခွဲဝေ၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်နေ့အခမ်းအနားကို လည်းကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်နှင့် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လမ်းများ၊ တံတားများဖွင့်လှစ်ရန် ရှိပါက သက်ဆိုင်ရာဌာနများအနေဖြင့် တင်ပြဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီအလိုက် တင်ပြဆွေးနွေးရာ အခမ်းအနားပြင်ဆင်ရေးကော်မတီဖြစ်သည့် ပြည်နယ်စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက (၇၈)နှစ်မြောက်ရှမ်းပြည်နယ်နေ့အခမ်းအနား၊ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားနှင့် (၁၇)ကြိမ်မြောက်မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပနိုင်ရန် မုဒ်ဦးဒီဇိုင်းများ၊ အခမ်းအနားပြင်ဆင်ထားရှိမှုများ၊ ညစာစားပွဲကျင်းပနိုင်ရန် ပြင်ဆင်ထားရှိမှုများရှင်းလင်းတင်ပြပြီး ပြည်နယ်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသူရဇော်က အခမ်းအနားစတိတ်စင်များ၊ ဌာနဆိုင်ရာ ပြခန်းများ၊ MSMEပြခန်းများ၊ စျေးရောင်းပွဲတော်ပြခန်းများ၊ တိုင်းရင်းသားရိုးရာပြခန်းနှင့် တိုင်းရင်းသားရိုးရာ အစားအသောက်ပြခန်းများ ဆောင်ရွက်ထားရှိမှုများ၊ ဖျော်ဖြေရေးစင် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။
၎င်းနောက် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီ၊ သတင်း၊ မှတ်တမ်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ ညွှန်ကြားရေးမှူး ဦးစိုးညွှန်ရွှေက ဖိတ်စာဆောင်ရွက်ထားရှိမှု ဖိတ်ကြားရေးနှင့် နေရာချထားမှုများ သတင်းနှင့်မှတ်တမ်းတင်ရေး ကိစ္စရပ်များ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖိတ်ကြားရေးတွင်မကျန်ရှိရအောင် ဆောင်ရွက်ပေးရန် ဖြည့်စွက်ဆွေးနွေးသွားသည်။
ယင်းနောက် သယ်ယူပို့ဆောင်ရေးကော်မတီ၊ ဆုချီးမြှင့်ရေးကော်မတီ၊ ဘဏ္ဍာငွေကြီးကြပ်ရေး ကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ ညစာစားပွဲနှင့်ဧည့်ခံကျွေးမွေးလုပ်ငန်းကော်မတီ၊ ဖျော်ဖြေရေးလုပ်ငန်း ကော်မတီ၊ ပြခန်းများခင်းကျင်းပြသရေးလုပ်ငန်းကော်မတီ၊ MSMEပြခန်းနှင့် ဒေသထွက်ကုန်များ စျေးရောင်းပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ၊ သစ်သီးဝလံပြပွဲပြိုင်ပွဲကျင်းပရေး လုပ်ငန်း ကော်မတီများမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို အသီးသီးဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားအတွက် ညှိနှိုင်းဆွေးနွေးကြပြီး အထွေထွေဆွေးနွေးကြရာ တက်ရောက်လာသည့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများက ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပြခန်းများတွင် ရှမ်းပြည်နယ်နေ့ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းများ၊ ပုံရိပ်များ၊ စာသားများရှိပါက ပြသပေးရန်၊ ပြည်ထောင်စုနေ့ အခမ်းအနားတွင်လည်း တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့မှ ကပြဖျော်ဖြေနေစဥ် နောက်ခံLEDဘုတ်တွင် ဒေသအလှ၊ အထင်ကရပုံများ၊ ရိုးရာဓလေ့များဖော်ပြပေးနိုင်ရန် ဖြည့်စွက်ဆွေးနွေး၍ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားရာ ဖေဖေါ်ဝါရီလသည် အခမ်းအနားများသဖြင့် သက်ဆိုင်ရာကော်မတီများကလည်း တင်ပြစရာရှိသည်များကို တင်ပြပြီးဖြစ်၍ လိုအပ်မှုများရှိပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လာရောက်တင်ပြပြီး အတည်ပြုချက်ယူနိုင်ပါကြောင်း၊ ယခင်နှစ်ကဆောင်ရွက်ထားသည့်အတိုင်း ဆောင်ရွက်ပြီး လုံခြုံရေးကိစ္စရပ်များတွင်လည်း အထူးသတိပြုရန်ပြောကြားသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး