တောင်ကြီး မတ်-၂
(၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားနှင့် တောင်သူနှီးနှောဖလှယ်ပွဲကို မတ်(၂)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဖတ်ကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့် တောင်သူအသင်းအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
၎င်းနောက် အခမ်းအနားဒုတိယပိုင်းကျင်းပရာ တောင်သူလယ်သမားနှီးနှော ဖလှယ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်၍ နိုင်ငံ၏(၇၀)ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ပါကြောင်း၊ နိုင်ငံတော်တစ်ဝန်းလုံးရှိ လယ်ယာစိုက်ပျိုးမွေးမြူသူ တောင်သူလယ်သမားကြီးများအား အလေးအနက် ဂုဏ်ပြုသတ်မှတ်ထားသည့် သမိုင်းဝင်နေ့ထူးနေ့မြတ် တောင်သူလယ်သမားနေ့ ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်သည် စပါး၊ အစေ့ထုတ်ပြောင်း၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုံညင်း၊ ပန်းနှမ်းပဲမျိုးစုံဖြစ်သည့် ပဲပုပ်၊ ပဲတီစိမ်း၊ ပဲစဥ်းငုံများအပြင် ကော်ဖီ၊ လက်ဖက်၊ ထောပတ်၊ မက္ကဒေးမီးယား စသည့်သီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသော ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ အဓိကသီးနှံများဖြစ်သည့် စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဥ်းငုံ၊ ချက်ကြံရင့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးကို အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ မြေကိုစနစ်တကျ ပြုပြင်ဆောင်ရွက်ရေး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်ရေး၊ သွင်းအားစုများ အချိန်ကိုက် အချိုးကျသုံးစွဲနိုင်ရေး၊ ပိုးမွှားရောဂါစနစ်တကျ ကာကွယ်နှိမ်နင်းရေးတို့အတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မျိုးစေ့ထုတ်လုပ်ငန်းများ၊ စံပြကွက်များဆောင်ရွက်နိုင်ရန် မျိုးစေ့နှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးခဲ့သည့်အပြင် မျိုးစေ့ချကိရိယာများကိုလည်း ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါကြောင်း၊ ပြည်နယ်အတွင်း စားသုံးဆီဖူလုံမှု တိုးတက်လာစေရန် ဆီထွက်သီးနှံ အထူးဇုန်များအနေဖြင့် တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ပင်းတယမြို့နယ်တို့တွင် မြေပဲသီးနှံ ၆၆၅၂ဧက၊ နေကြာသီးနှံ ၁၄၉၈၃ဧက စိုက်ပျိုးနိုင်ခဲ့ပြီး နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၄ – ၂၀၂၅ခုနှစ်တွင် ၁၇၄၆ဧက တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ငွေဖြင့် မိုးစပါးစီမံကိန်း၊ ဆီထွက်သီးနှံစီမံကိန်းတို့ကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့စိုက်ပျိုးရေးဦးစီးဌာနမှပြုလုပ်သော နည်းပညာနှီးနှောဖလှယ်ပွဲကရရှိသည့် နည်းပညာဗဟုသုတများကို မိမိတို့လုပ်ငန်းခွင်မှာ အကျိုးရှိစွာအသုံးချနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ နှီးနှောဖလှယ်ပွဲမှတဆင့် ပြည်နယ်အနှံ့အပြားမှ စိုက်ပျိုးထုတ်လုပ်သူများသည် စိုက်ပျိုးသည်မှ ထုတ်လုပ်ရောင်းချသည်ထိ ကွင်းဆက်များအားလုံး ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်မှု ကျယ်ပြန့်ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြု့နယ်၊ နောင်ခမ်းကော်ဖီအုပ်စုအဖွဲ့နှင့် ဟိုပုံးမြို့နယ် မဲနယ်တောင် ကော်ဖီအုပ်စုအဖွဲ့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ကော်ဖီစေ့လှော်စက်ပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများမှ လက်ခံရယူကြောင်း သိရှိရသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်မြေအသုံးချရေး၊ ပြည်နယ်သီးနှံကာကွယ်ရေး၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မိုင်းအင်၊ ဟဲဟိုး၊ နမ့်လတ်ဥယျာဥ်ခြံတာဝန်ခံများ၊ ထောပတ်၊ ရုရှားအာလူး၊ ကော်ဖီ၊ လက်ဖက်၊ သရက်စိုက်ပျိုးထုတ်လုပ်မှုများ အသီးသီးဆွေးနွေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး