တောင်ကြီး နိုဝင်ဘာ-၂၃
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် (၃၄)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့)ကို နိုဝင်ဘာ(၂၃)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တောင်ကြီးမြို့ရှိ မူလတန်းကြို့ကျောင်းများ၊ ပရဟိတဂေဟာများမှ ကလေးများ၏ ပါဝင်ဆောင်ရွက်နိုင်မှုကဏ္ဍများကို တွေ့မြင်ရမှာဖြစ်ကြောင်း၊ ကလေးသူငယ် အခွင့်အရေးများအား အကောင်အထည်ဖော်ဆောက်ရွက်နိုင်ရန် ပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီကို ၂၀၂၃ခုနှစ်၊ဇွန်လ(၂၆)ရက်နေ့တွင် အဖွဲ့ဝင်(၁၈)ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊ ခရိုင်၊ မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီများအား ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ခရိုင်(၂၂)ခရိုင်၊ မြို့နယ်ပေါင်း (၅၀) မြို့နယ်တို့တွင် ဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ UNCRC အဖွဲ့ဝင်နိုင်အနေဖြင့် ကလေးသူငယ် အခွင့်အရေးများ ဖော်ဆောင်နေမှု အခြေအနေများကို UNCRC ကော်မတီသို့(၅)နှစ်တစ်ကြိမ် အစီရင်ခံစာတင်သွင်းရန် တာဝန်ရှိမှုနှင့်အညီ ပထမတစ်ကြိမ်အစီရင်ခံစာကို ၁၉၉၅ခုနှစ်တွင်လည်းကောင်း၊ ဒုတိယတစ်ကြိမ်အစီရင်ခံစာကို ၂၀၀၂ခုနှစ်တွင် လည်းကောင်း၊ တတိယနှင့် စတုတ္တတစ်ကြိမ်အစီရင်ခံစာကို ၂၀၀၉ခုနှစ်တွင်လည်းကောင်း၊ ပဉ္စမ အကြိမ်နှင့် ဆဋ္ဌမအကြိမ် အစီရင်ခံစာကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင် တင်သွင်းထားရှိပြီးဖြစ်ပါကြောင်း၊ ကလေးသူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်သောကြောင့် ယနေ့ခေတ်တွင် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍရပ်များအား အလေးထား ဂရုစိုက်ခြင်းဖြင့် ကလေးများအတွက် ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရသည့် အနာဂတ်တစ်ခု ဖန်တီးပေးနိုင်ရမှာ ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေး မဆုံးရှုံးစေဖို့၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကလေးမိဘများ၊ ကလေးများနှင့် ပြည်သူလူထုတစ်ရပ်လုံး သိရှိရန်နှင့် ကလေးတိုင်း လက်လှမ်းမှီ တန်းတူရရှိနိုင်ရေး အတွက် ကော်မတီအဖွဲ့ဝင်များ အပါအဝင်တာဝန်ရှိသူများ အားလုံးမှ သက်ဆိုင်ရာကဏ္ဍ အသီးသီးဖြင့် စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနိုင်ကြရန် ပြောကြားသည်။
ဆက်လက်၍ ပရဟိတဂေဟာ(၅)ခုရှိ ကလေးသူငယ်များမှ “နိုင်ငံတကာ ရင်သွေးငယ်များ” သီချင်းကို စုပေါင်း သီဆို ဖျော်ဖြေကြပြီး မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများနှင့် ပရဟိတဂေဟာများမှ ကလေးသူငယ်များက ကပြဖျော်ဖြေ တင်ဆက်ကြရာ တောင်ကြီးမူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက “ပြည်ထောင်စုရဲ့ ထာဝရအလှ” သီချင်းဖြင့် လည်းကောင်း၊ အောင်မေတ္တာပုဂ္ဂလိကမူကြိုကျောင်းမှ ရင်သွေးငယ်လေးများက “ပအိုဝ်းရိုးရာ” သီချင်းဖြင့်လည်းကောင်း၊ ရွှေမော်ကွန်းပုဂ္ဂလိကမူကြိုကျောင်းမှ ရင်သွေးငယ်လေးများက “ကောက်စိုက်ချိန်” သီးချင်းဖြင့် လည်းကောင်း၊ New Light ပုဂ္ဂလိကမူကြိုကျောင်းမှ ရင်သွေးငယ်လေးများက “ဗာရာဏသီ” သီးချင်းဖြင့်လည်းကောင်း၊ မဟာပန်းပျိုးဥယျာဉ်ပုဂ္ဂလိကမူကြိုကျောင်းမှ ရင်သွေးငယ်လေးများက “တောင်ယာဝင် ချိန်အတွေး” သီချင်းဖြင့်လည်း ကောင်း၊ M.C.Cပုဂ္ဂလိကမူကြိုကျောင်းမှ ရင်သွေးငယ်လေးများက “ပွဲတော်ည” သီးချင်းဖြင့်လည်းကောင်း၊ T.G.Iပုဂ္ဂလိက မူကြိုကျောင်းမှ ရင်သွေးငယ်လေးများက “Boom Boom” သီးချင်းဖြင့်လည်းကောင်း၊ အမျိုးသမီးပရဟိတဂေဟာမှ ရင်သွေး ငယ်လေးများက “ပအိုဝ်းမြေမှ ဖိတ်ခေါ်ပါတယ်” သီးချင်း ဖြင့်လည်းကောင်း၊ အေးသာယာမူလတန်းကြိုကျောင်းမှ ရင်သွေး ငယ်လေးများက “အလှကမ္ဘာမြေ” သီးချင်းဖြင့်လည်းကောင်း၊ ပန်းတံတား ပုဂ္ဂလိကမူကြိုကျောင်းမှ ရင်သွေးငယ်လေးများက “ရေအိုးကိုယ်စီ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီး များနှင့် ဇနီးများတို့မှ ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး