တောင်ကြီး ဇန်နဝါရီ-၁၈
၂၀၂၄ – -၂၀၂၅ပညာသင်နှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) Grade12သင် ဆရာ၊ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ဇန်နဝါရီ(၁၈)ရက်မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ၂၀၁၅ခုနှစ် စက်တင်ဘာလကကျင်းပခဲ့သည့် ကုလသမဂ္ဂစုံညီအစည်းအဝေးက ချမှတ်လိုက်သည့် စဥ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် Sustainbl Development Goals SDGs´ထဲမှာ ပန်းတိုင်(၄)/ SDG(4)ဖြစ်သည့် လူသားအားလုံးအကျုံးဝင်ကာ ညီညွတ်မျှတပြီး အရည်အသွေးရှိသည့် ပညာသင်ယူနိုင်ရေးနှင့် ဘဝတစ်လျှောက်အစဥ်လေ့လာသင်ယူနိုင်သော အခွင့်အလမ်းရရှိရေးကို ပြည့်မီရန်သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ Grade12တက္ကသိုလ်ဝင်တန်းသည် အခြေခံပညာတွင် အမြင့်ဆုံးအတန်းဖြစ်သည့်အပြင် အဆင့်မြင့်ပညာကိုတက်လှမ်းရန် လှေကားထစ် တစ်ထစ်ဖြစ်သည့်အတွက် ပိုမိုပြီးအရေးကြီးလာပြီဖြစ်၍ ပိုပြီးသင်ယူကြရမှာဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများသည် မိမိသင်ကြားပြသမည့်ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ရန်နှင့် ပြဋ္ဌာန်းစာအုပ်ပါအကြောင်းအရာများ ကြေညက်ရုံ၊ ကျွမ်းကျင်ရုံနှင့်မပြီးသေး ၊မလုံလောက်သေးဘဲ ပြင်ပကအတတ်ပညာအသိပညာ၊ ဗဟုသုတများ သင်ထောက်ကူများ ရှာဖွေစုဆောင်းပြီး ကလေးများကို လက်ဆင့်ကမ်းပေးရန်လိုအပ်ပါကြောင်း၊ ထူးချွန်ထက်မြက်သော တပည့်များပေါ်ပေါက်ရန် ဆရာ၊ ဆရာမများကိုကိုယ်တိုင်လည်း အသိပညာ၊ အတတ်ပညာကြွယ်ဝရန် လိုအပ်ပါကြောင်း၊ ဆရာ၊ ဆရာမများ၏ဘဝတွင် စာကိုလည်းသင်၊ လူလည်းပြင်ဆိုသည့်အတိုင်း တပည့်များ၏တစ်ဦးချင်း စိတ်နေစိတ်ထားကို ပြုပြင်ပေးရန်နှင့် လူလိမ္မာလေးများဖြစ်အောင် ပြုစုပျိုးထောင်ပေးမှသာ အနာဂတ်တွင်အားကိုးအားထားရမည့် လူငယ်လေးများပေါ်ပေါက်လာမှာဖြစ်ကြောင်း၊ ယခုဖွင့်လှစ်ပို့ချမည့်ဆွေးနွေးပွဲတွင် အဆင့်မြင့်ပညာနှင့် အခြေခံပူးပေါင်းဆောင်ရွက်ကြပြီး ပညာရည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်းနှင့် ပို့ချဆွေးနွေးပေးမည့် တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ်နှင့်တကွ ဆရာ၊ ဆရာမများကို ကျေးဇူးတင်ရှိပြီး လေ့လာမှတ်သားနာယူကြမည့် ဆရာ၊ ဆရာမများကလည်း အပြည့်အဝလေ့လာမှတ်ယူ ကြိုးစားကြရန် ပြောကြားသွားသည်။
ထို့နောက် ၂၀၂၄ – ၂၀၂၅ပညာသင်နှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) Grade12သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ချီးမြှင့်ငွေကျပ်သိန်း(၂၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကပေးအပ်ရာ တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဦးကိုကိုနိုင်မှလက်ခံရယူပြီး တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ်ကိုယ်စား ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နေမျိုးက သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆွေးနွေးပွဲတက်ရောက်မည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနုတ်ဆက်ကြကြောင်းနှင့် အဆိုပါGrade12သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲတွင် ဆရာ၊ ဆရာမအင်အား(၂၇၀၀)ဦး တက်ရောက်ကြပြီး ဆွေးနွေးပွဲကို ဇန်နဝါရီ(၁၈)မှ (၂၁)ရက်နေ့အထိ (၄)ရက်ဆွေးနွေးသွားမည့်ဖြစ်ကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးတက္ကသိုလ်ဝန်းအတွင်းရှိ မိုးရေစုကန်အမှတ်(၁) သဲနှုန်းတူးဖော်နေမှုနှင့် ကန်ပတ်လည်ပြုပြင်နေမှုများ၊ ရေထွက်မှ ကန်အတွင်းစီးဝင်သော ရေလမ်းကြောင်းများကို ကြည့်ရှုစ်ဆေးပြီး တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်ပတ်လမ်းတွင် အများပြည်သူအပန်းဖြေအနားယူနိုင်ရန်နှင့် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းများဆောင်ရွက်နိုင်ရန်အတွက် ကန်ပတ်လမ်းအတွင်း ကွန်ကရစ်လမ်း ခင်းကျင်းဆောင်ရွက်ထားရှိခြင်း၊ LEDဆိုလာမီးတပ်ဆင်ထားရှိမှုများနှင့် ကန်အတွင်း ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့