တောင်ကြီး သြဂုတ်-၂၇
၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ်အမျိုးသား အားကစားပွဲတော်တွင် ရှမ်းပြည်နယ်ကိုယ်စားပြုအဖြစ် ဝူရှူး အားကစားနည်း အတန်းအလိုက် ပါဝင်ယှဥ်ပြိုင်နိုင်ရန် လူရွေးချယ်နိုင်ရေး အတွက် ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ လေ့ကျင့်နေမှုကို သြဂုတ်လ (၂၇)ရက် နံနက်(၉)နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကြည့်ရှုအားပေးစဥ် ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက် ပြည်နယ်ဂုဏ်ဆောင်နိုင်ရေးနှင့် အားကစား စိတ်ဓာတ်အပြည့်ဖြင့် အောင်မြင်မှုရရှိရေး ကြိုတင်ပြင်ဆင်လေ့ကျင့်ပြီး ကြိုးစားဆောင်ရွက် သွားကြရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အားကစားကွင်း၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်လျက်ရှိသည့် ဘောလုံးနည်းပြ DC လိုင်စင် သင်တန်းတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းပြတစ်ဦး၏ သင်တန်းပို့ချနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ်အမျိုးသား အားကစားပွဲတော်တွင် ရှမ်းပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန် အားကစားနည်း(၂၃)မျိုးဖြင့် ပါဝင်ယှဥ်နိုင်ရေး လေ့ကျင့်လျက်ရှိပြီး ၊ အားကစားနည်းအလိုက် လူရွေးချယ်နိုင်ရန် ကြိုတင်ပြင်ဆင်လျက်ရှိရာ လူရွေးချယ်ပြီးပါက အောက်တိုဘာလတွင် စခန်းသွင်း ဆက်လက်လေ့ကျင့်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။
ထို့နောက် ၂၀၂၄ခုနှစ်၊ ပဥ္စမအကြိမ်အမျိုးသား အားကစားပွဲသို့ ဝင်ရောက် ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်အသင်း အောင်မြင်မှုရရှိစေရေးအတွက် ကော်မတီဝင်များနှင့် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပဥ္စမအကြိမ်အမျိုးသား အားကစားပွဲတော်တွင် ရှမ်းပြည်နယ်အသင်း အောင်မြင်မှုရရှိရေး အောင်နိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးအောင်အောင်က ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန်အတွက် သက်ဆိုင်ရာ အားကစားနည်းအလိုက် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများအား ဆပ်ကော်မတီအလိုက် အဖွဲ့ခေါင်းဆောင် တာဝန်ပေးပြီး အားကစားနည်းများ အောင်နိုင်ရေးအတွက် ဆောင်ရွက် နေပါကြောင်း၊ ဆပ်ကော်မတီများအလိုက် အကြံပြုချက်များကို ပေါင်းစပ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်မှုအနေဖြင့် လိုအပ်ချက်များရှိပါက တင်ပြဆွေးနွေး ကြရန် ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းက အားကစားနည်းအလိုက် ရွှေတံဆိပ်ရရှိနိုင်မည့် အခြေအနေနှင့် လူရွေးချယ်နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး အောင်နိုင်ရေးလုပ်ငန်းကော်မတီများမှ ဂေါက်သီး၊ လက်ဝှေ့၊ မြန်မာ့သိုင်း၊ ဂျူဒို၊ ဝူရှူး၊ ရေကူး၊ တိုက်ကွမ်ဒို၊ အလေးမ၊ ဘောလုံး၊ ဖူဆယ်၊ ကရာတေးဒို၊ ဗိုဗီနမ်၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ ကာယကြံ့ခိုင်မှု၊ ခြင်းလုံးအားကစား နည်းများ၊ ပြေးခုန်ပစ်၊ ဘိလိယက်နှင့်စနူကာ၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ဘော်လီဘော၊ ကြက်တောင်၊ ခရစ်ကတ်အားစားနည်းများအလိုက် ကြိုတင်ပြင်ဆင်မှုနှင့် လူရွေးချယ်နိုင်ရေး အတွက် အသီးသီး ရှင်းလင်းတင်ပြကြသည်။
၎င်းနောက် အခမ်းနားတက်ရောက် လာကြသော ပြည်နယ်ဝန်ကြီးများနှင့် အောင်နိုင်ရေး လုပ်ငန်းကော်မတီများမှ ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပဥ္စမအကြိမ်အမျိုးသား အားကစား ပွဲတော်တွင် ရှမ်းပြည်နယ်အသင်း အောင်မြင်မှုရရှိရေး အောင်နိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးအောင်အောင်က အောင်နိုင်ရေးအတွက် ဆပ်ကော်မတီများ၏ လိုအပ်ချက်များကို ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ အောင်နိုင်ရေးအတွက် အားကစား ဆပ်ကော်မတီများသည် အဓိကဖြစ်ပြီး အောင်မြင်မှုရရှိအောင် ဆပ်ကော်မတီအသီးသီးက ကြိုးစားဆောင်ရွက်ပေးကြရန်နှင့် လိုအပ်ချက်များရှိပါက ဆပ်ကော်မတီမှတစ်ဆင့် တင်ပြပေးကြရန် နိဂုံးချုပ်စကား၌ပြောကြားသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့