တောင်ကြီး ဧပြီ-၂၈
အေးချမ်းသာယာလှပသော ကမ္ဘောဇမြေ တောင်ပေါ်ဒေသတွင် ဧပြီ(၂၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ၂၀၂၄ခုနှစ် တောင်ကြီးလူရည်ချွန်စခန်းဖွင့်ပွဲ ကျင်းပသည်။
ဦးစွာ ၂၀၂၄ခုနှစ် တောင်ကြီးလူရည်ချွန်စခန်းဆိုင်းဘုတ်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စက်ခလုပ်နှိပ်ပ်၍ ဖွင့်လှစ်ပေးပြီး တောင်ကြီးလူရည်ချွန်စခန်းအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ ပြည်နယ်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လူရည်ချွန်မောင်မယ်များ တောင်ကြီးလူရည်ချွန်စခန်းအား လာရောက်ကာ ဗဟုသုတရှာမှီးကြရင်း ဒေသခံ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများ၏ စီးပွားရေး၊ လူမှုရေး၊ ရိုးရာဓလေ့ထုံးစံများနှင့်တကွ ကမ္ဘောဇဒေသရဲ့ သဘာဝအလှတရားများကို လာရောက်လေ့လာ ကြည့်ရှုခံစားကြသည့်အတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ လေ့လာရေးခရီးစဥ်တွင် ဒေသခံပြည်သူများ၏ဘဝ၊
ရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံများနှင့် လက်မှုအနုပညာများ အစရှိသဖြင့် မှတ်သားဖွယ်ရာများကို ထဲထဲဝင်ဝင် သိရှိအောင် လေ့လာကြရန်နှင့် မိမိမှတစ်ဆင့် အခြားသူများကို ပြန်လည်မျှဝေပေးနိုင်ရန် ကြိုးစားလေ့လာရန် မှာကြားလိုကြောင်း၊ ရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ မတူညီသော ယဥ်ကျေးမှုဓလေ့ထုံးစံများကို အချင်းချင်းဖလှယ်ရယူပြီး တစ်ဦးပေါ်တစ်ဦး နားလည်နိုင်ကာ ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်လာစေရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း ချစ်ခင်ရင်းနှီးမှုများ ပိုမိုရရှိကြစေရန် အထူးမျှော်လင့်မိပါကြောင်း၊ မိမိရည်မှန်းချက်အောင်မြင်ရန်အတွက် မလျော့သောဇွဲလုံလ၊ ဝီရိယထား၍ ကြိုးစားအားထုတ်ပါက မိမိရည်မှန်းချက်များအောင်မြင်မှာဖြစ်ကြောင်း၊ နိုင်ငံအကျိုး၊ လူမျိုးအကျိုး၊ ဘာသာသာသနာပညာအကျိုးတို့ကို ကိုယ်စွမ်းရှိသမျှ၊ ဥာဏ်စွမ်းရှိသမျှ၊ ဝီရိယစွမ်းအားရှိသမျှ သယ်ပိုးထမ်းဆောင်ကြရန် ပြောကြားသည်။
ထို့နောက် လူရည်ချွန်မောင်မယ်များနှင့် လူရည်ချွန်ကြီးကြပ်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လူရည်ချွန်မောင်မယ်များကိုယ်စား ကျောင်းသားတစ်ဦးအား ရင်ထိုးတံဆိပ်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တပ်ဆင်ပေးအပ်ရာ လူရည်ချွန်မောင်မယ်များမှ လက်ခံရယူကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ညိုမီစောက လူရည်ချွန်မောင်မယ်များကိုယ်စား ကျောင်းသူတစ်ဦးအား ရင်ထိုးတံဆိပ်တပ်ဆင်ပေး၍ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်က ရင်ထိုးတံဆိပ်များပေးအပ်ရာ လူရည်ချွန်မောင်မယ်များ အားလုံး၏ကိုယ်စား လူရည်ချွန်မောင်မယ်(၂)ဦးမှ လက်ခံရယူသည်။
၎င်းနောက် ၂၀၂၄ခုနှစ်၊ တောင်ကြီးလူရည်ချွန်စခန်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များကို ပြည်နယ်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်နှင့် တာဝန်ရှိသူများ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဧည့်သည်တော်များအား နေရာအရောက် ပေးအပ်ပြီး လူရည်ချွန် (၁၉၆၄-၁၉၈၈) အဖွဲ့က ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်ပစ္စည်းများကို နေရာအရောက် ပေးအပ်၍ လူရည်ချွန်မောက်မယ်များနှင့် အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူရည်ချွန်မောက်မယ်များအား ရင်းရင်းနှီးနှိးနှုတ်ဆက်ခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး