တောင်ကြီး သြဂုတ်-၁၅
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုများ အထိမ်းအမှတ်ကို သြဂုတ်(၁၅)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။
အထိမ်းအမှတ်အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကျောင်းသားကျောင်းသူများ ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးတွင် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များကို ပိုမိုသိရှိလာပြီး ကျန်းမာရေးအဆင့််မြှင့် ကျောင်းထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပံ့ပိုးမှုများ ပိုမိုအားကောင်းလာစေရန် ပြည်နယ်နှင့် ဒေသ ဆိုင်ရာ အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများ ၊ မိဘပြည်သူများ၏ ပူးပေါင်းပံ့ပိုးမှု ပိုမိုအားကောင်းလာစေရန် သန့်ရှင်း၍ ကျန်းမာရေးနှင့် ညီညွတ်သောကျောင်းပတ်ဝန်းကျင်များ ပေါ်ထွန်းလာစေရေးနှင့် ရေရှည် တည်တံ့စေရေးအတွက် အထောက်အကူ များရစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုများ အဖြစ် သက်ဆိုင်ရာ အတန်းလိုက် ကျောင်းကျန်းမာရေးဆိုင်ရာ ပြိုင်ပွဲ ခေါင်းစဉ်များ သတ်မှတ်ပြီး ကာတွန်း၊ ကဗျာ၊ ပန်းချီ၊ စာစီစာကုံး ပြိုင်ပွဲများ ကျင်းပခြင်း၊ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်းနှင့် ကျောင်းကျန်းမာရေး ပညာပေးဟောပြောပွဲများ ကျင်းပခြင်းတို့ကို ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများက လက်ဆေးနည်းအဆင့်ဆင့်နှင့် စနစ်မှန်သွားတိုက်ခြင်းတို့အား သရုပ်ပြ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသားကျောင်းသူများအား သန်ချဆေးတိုက်ကျွေးခြင်း၊ ကျောင်းကျန်းမာရေး ပြခန်းငယ်များ ပြသ၍ ကျောင်းသားအချင်းချင်း အသိပညာများ မျှဝေခြင်း၊ ကျောင်းတွင်း အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးစေရေး ဆိုင်ရာများ ဆောင်ရွက်ခြင်း ကျောင်းသား ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း လူငယ်ကို အခြေခံသည့် အနာဂတ်ကို တည်ဆောက်ရာတွင် စာသင်ကျောင်းမှ စတင်ပြီး ကျောင်းသားလူငယ်များ၏ ကျန်းမာရေးပြည့်စုံ ကောင်းမွန်နေရုံ သာမက ဗလငါးတန်ပြည်စုံသော လူငယ်များမွေးထုတ်နိုင်ရန်အတွက် ကျောင်းသားကျောင်းသူများ အပါအဝင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ အခြားနှီးနွယ်ဌာနများ၊ အဖွဲ့အစည်းများနှင့် မိဘပြည်သူလူထုတို့ ပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားသည်။
ဆက်လက်၍ ကျောင်းကျန်းမာရေး လုပ်ငန်းများနှင့်ပက်သတ်၍ ရှမ်းပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ ရှင်းလင်းတင်ပြပြီး ပြည်နယ်အဆင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအလိုက် ကျန်းမာရေးအဆင့်မြှင့် ကျောင်းတည်ထောင်မှု ထူးချွန်ဆု ပထမ၊ ဒုတိယ၊ တတိယရရှိသောကျောင်းများ ဂုဏ်ပြုချီးမြှင့်ရာ ပထမရရှိသော အ.ထ.က(၁)တောင်ကြီး၊ ဒုတိယ အ.ထ.က(၅) အောင်ပန်း၊ တတိယ အထက မိုင်းပန်ကျောင်းတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ချီးမြှင့်၍လည်းကောင်း၊ အလယ်တန်းအဆင့် ပထမဆုရရှိသော အ.လ.က(၁၄) တောင်ကြီး၊ ဒုတိယဆု အလက မွေတော် မိုင်းပန်၊ တတိယဆု အလက ဟဲဟိုး ကလောကျောင်းတို့ကို ရှမ်းပြည်နယ်အမျိုးသမီးရေးရာ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးမှ ချီးမြှင့်ပေး၍လည်းကောင်း၊ မူလတန်းအဆင့် ပထမဆုရရှိသော အ.မ.က ရွာသစ်ကုန်း တောင်ကြီး၊ ဒုတိယဆုရရှိသော အမက(၃) ဟဲဟိုး၊ တတိယဆုရရှိသော မူလွန်-ကွမ်မုံ မိုးနဲကျောင်းတို့ကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်တို့က အသီးသီးချီးမြှင့်ပေးကြသည်။
ထို့နောက် ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ် video clip ပြသပြီး အထက(၁)ကျောင်းသူများက exercise is medicine သီချင်းဖြင့် သရုပ်ဖော်တင်ဆက်၍ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်နှင့် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်တို့က အသီးသီးချီးမြှင့်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့က ပြခန်းများအား လှည့်လည် ကြည့်ရှုကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး