တောင်ကြီး နိုဝင်ဘာ-၇
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲတွင် ပထမ တံခွန်စိုက်ဖလား ရရှိခဲ့သော ရှမ်းပြည်နယ် အမျိုးသားဘော်လီဘောအသင်းနှင့် တတိယဆုရရှိခဲ့သော အမျိုးသမီးဘော်လီဘောအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲကို နိုဝင်ဘာ(၆)ရက် ည(၆)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဂုဏ်ပြုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ရှမ်းပြည်နယ် ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပြိုင်ဘက်အသင်းများကို ပြတ်ပြတ်သားသားအနိုင်ရရှိကာ တံခွန်စိုက် ပထမဆု ဖလားကြီးရရှိခဲ့သည့် ရှမ်းပြည်နယ် အမျိုးသားဘော်လီဘောအသင်း၊ တတိယဆုရရှိခဲ့သော အမျိုးသမီး ဘော်လီဘောအသင်းတို့အား ဂုဏ်ပြုပွဲတွင် အမှာစကားပြောကြားခွင့်ရသည့်အတွက် များစွာဂုဏ်ယူ မိပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကလည်း ရှမ်းပြည်နယ်အတွင်း အားကစားပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထူးအားပေးချီးမြှင့်ဆောင်ရွက်ပေးနေသည်ကို အားလုံးအသိဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် ဘော်လီဘော အားကစားနည်းသည် ပြည်နယ်တိုင်း အားကစားပြိုင်ပွဲတွင် အောင်မြင်မှုအကြိမ်ကြိမ် ရရှိပြီး နိုင်ငံ့လက်ရွေးစင်များစွာ မွေးထုတ်ပေးနေသည့် ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားနည်းတစ်ခု ဖြစ်သည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ယခုလို အောင်မြင်မှုရရှိအောင် ဝိုင်းဝန်းကြိုးပမ်းပေးခဲ့ကြသော ရှမ်းပြည်နယ် အားကစားဆပ်ကော်မတီများ၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ အားလုံးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မှတ်တမ်းတင် ဂုဏ်ပြုပါ ကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဖလား ရရှိခဲ့သော ရှမ်းပြည်နယ် အမျိုးသားဘော်လီဘောအသင်းမှ တံခွန်စိုက်ဖလားကို အသင်းအုပ်ချုပ်သူနှင့် နည်းပြများမှ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးထံ အပ်နှံပြီး ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိခဲ့သော အမျိုးသား ဘော်လီဘောအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၅၀)၊ တတိယဆုရရှိသော အမျိုးသမီး ဘော်လီဘောအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၂၅)သိန်း တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ ရှမ်းပြည်နယ် အောင်ပွဲရ ဘော်လီဘောအသင်း ဦးကျော်သန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး