ကလော နိုဝင်ဘာ-၂၉
(၁၈)ကြိမ်မြောက် ကလောမြို့၊ မြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံ ထွန်းညှိပူဇော်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာ(၂၈)ရက် ည(၇)နာရီခွဲက ကလောမြို့၊ မောမြေဦးပန်းခြံ၊ မီးရှော်တိုင်ကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မီးရှော်တိုင်နှင့် မီးကြာစံ အလှပဒေသာ ထွန်းညှိပူဇော်ပွဲကို ကလောမြို့၏ သဘာဝရာသီဥတုနှင့် တိုင်းရင်းသားတို့၏ ရိုးရာယဥ်ကျေးမှု ဓလေ့ ထုံးစံများကို မြန်မာသာမက ကမ္ဘာကပါ သိရှိပြီး ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး မြို့နယ်၏ စီးပွားရေး လုပ်ငန်းများ ပိုမိုတိုးတက်ဖြစ်ထွန်းလာရန်၊ ကလောမြို့နယ်၊ မြို့နယ်သားများ၊ လူငယ်ထု တစ်ရပ်လုံးက တိုင်းရင်းသားရိုးရာယဥ်ကျေးမှု ဓလေ့ထုံးစံများကို ဖော်ထုတ်ရာတွင် စုပေါင်းညီညာစွာ ဆောင်ရွက်နိုင်မှု၊ ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးစံများကို ထိန်းသိမ်းနိုင်မှု၊ စည်းကမ်းစနစ်ကျနစွာ ဆောင်ရွက်နိုင်မှု အလေ့အကျင့်ကောင်းများ တိုးတက်ဖြစ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကလောတပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်၊ ကလောမြို့၊ မြို့မိမြို့ဖ ဦးမျိုးမင်းတို့က (၁၈)ကြိမ်မြောက် ကလောမြို့ ရိုးရာမီးကြာစံနှင့် မီးရှော်တိုင် ထွန်းညှိပူဇော်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဖွင့်ပွဲအမှတ်တရ မီးပုံးပျံကြီးနှင့် မီးပုံးပျံငယ် အလုံး(၂၀၀)လွှတ်တင်ခြင်းနှင့် မီးရှူး၊ မီးပန်းများ ပစ်လွှတ်ခြင်း၊ ပြိုင်ပွဲဝင် မီးကြာစံအဖွဲ့များနှင့် တိုင်းရင်းသား ရိုးရာအကအဖွဲ့များမှ “ကလောမြို့မှဖိတ်ခေါ်သံ”သီချင်းဖြင့် ယှဥ်ပြိုင်ကပြ ဖျော်ဖြေကြကြောင်း သိရသည်။
၎င်းနောက် ပြိုင်ပွဲဝင် မီးရှော်တိုင်အဖွဲ့များမှ ပစ်လွှတ်ထွန်းညှိပူဇော် ယှဥ်ပြိုင်ကြပြီး အဆိုပါ မီးရှော်တိုင် ပြိုင်ပွဲတွင် ကလောမြို့ပေါ်ရှိ (၁၁)ရပ်ကွက်မှ ပါဝင်ယှဥ်ပြိုင်ကြပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်းနှင့် ပြိုင်ပွဲကို နိုဝင်ဘာ(၂၈)ရက်မှ ဒီဇင်ဘာ(၁)ရက်နေ့အထိ (၄)ရက် ကျင်းပသွားမည့်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး