တောင်ကြီး နိုဝင်ဘာ-၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သောကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် လက်နက်ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘ အုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို နိုဝင်ဘာ(၉)ရက် နံနက်(၉)နာရီက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် အဖွဲ့ဝင်များ၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တိုင်းမှူးတို့က အမှာစကားအသီးသီး ပြောကြား ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF အဖွဲ့ဝင် (၇)ဦးတို့သည် ၎င်းတို့နှင့်အတူပါလာသည့် ကာဘိုင် သေနတ် (၁)လက် ၊ ၎င်းကျည် (၁၀)တောင့် ၊ M-22 သေနတ် တစ်လက် ၎င်းကျည် (၅)တောင့် တို့ကိုအပ်နှံပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊တိုင်းမှူး နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က ချီးမြှင့်ထောက်ပံ့ငွေ ကျပ်သိန်း (၁၂၅) အားပေးအပ်ရာ ပြစ်မှုကျူးလွန်ခြင်းမရှိသော ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ရွာငံမြို့နယ်မှ PDF အဖွဲ့ဝင် (၇) ဦးတို့က လက်ခံရယူပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ (၇) ဦးတို့အား ၎င်းတို့၏ မိဘအုပ်ထိန်းသူ များထံ ဝန်ခံကတိ လက်မှတ်ရေးထိုးစေပြီး ပြန်လည်အပ်နှံခဲ့ကြောင်း သိရှိရသည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများ အနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည် ဖြစ်ကြောင်းနှင့် လက်နက်ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး