တောင်ကြီး သြဂုတ် ၁၈
ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် တန်ဖိုးသင့် အာဟာရပြည့် အစားအစာချက်ပြုတ် သရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဥမ္မာနေထွန်းက အဖွင့်နှုတ်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒေါက်တာခင်မိုးလှိုင်က အာဟာရ(၃)အုပ်စုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တရားသူကြီးချုပ် ဇနီး ဒေါ်ဝင်းသီတာ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဇနီး ဒေါ်သီတာဦးတို့က ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပြည့်အစားအစာနှင့်ဆေးဝါးများ ထောက်ပံပေးအပ်ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးဇနီး ဒေါ်ခင်သက်နိုင်၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့က မူကြိုကလေးငယ်များအား နို့ဗူး၊ ပေါင်မုန့်နှင့်ကျောပိုးအိတ်များ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က ဒိန်ချဉ်ဗူးလှူဒါန်းမှုအတွက် ဟဲဟိုးမြို့ စိန်ပွင့်မျိုးချစ်ကုမ္ပဏီပိုင်ရှင် ဒေါ်နီနီအောင်အား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပြီး ပြည်နယ်တရားသူကြီးချုပ် ဇနီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဇနီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဇနီး၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အခမ်းအနားသို့ တက်ရောက်လာကြသူများက အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် တန်ဖိုးသင့်အာဟာရပြည့် အစားအစာ ချက်ပြုတ်သရုပ်ပြနေမှု၊ အသိပညာပေး နံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံ ခင်းကျင်းပြသ ထားမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး