တောင်ကြီး ဇူလိုင် – ၁၃
လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်မှစတင်ပြီး အဘိုးအဘွား တစ်ဦးလျှင် တစ်လ(၁ဝဝဝဝိ/-)နှုန်းဖြင့် သုံးလတစ်ကြိမ် (၃ဝဝဝဝိ/-) (ကျပ်သုံးသောင်းတိတိ) ထောက်ပံ့ပေးအပ်လျက် ရှိရာ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)လများ အတွက် ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များမှ အကျုံးဝင်သည့် အသက်(၈၅)နှစ်နှင့်အထက် အဘိုး(၄၃၈၀)ဦး၊ အဘွား (၈၃၂၅)ဦး စုစုပေါင်း (၁၂၇၀၅)ဦးအတွက် (၃၈၁၁၅၀၀၀ဝိ/-) (ကျပ် သုံးရာရှစ်ဆယ့်တစ်သန်းတစ်သိန်း ငါးသောင်း တိတိ)အား ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။
၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)လများ အတွက် MCCT (Maternal and Child Cash Transfer) ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်အရ တစ်ဦးလျှင် တစ်လ(၁၅ဝဝဝိ/-)နှုန်းဖြင့် သုံးလတစ်ကြိမ် (၄၅ဝဝဝိ/-) (ကျပ်လေးသောင်းငါးထောင် တိတိ) ထောက်ပံ့ပေးအပ်လျက်ရှိရာ ယခု လက်ရှိအချိန် သက်ဆိုင်ရာမြို့နယ်များရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ကူညီကောက်ခံလာပေးသော စာရင်းများအား သတ်မှတ်ချိန်အတွင်း လူမှုဝန်ထမ်းဦးစီး ဌာန၌ အသုံးပြုဆောင်ရွက်လျက်ရှိသော SMIS (Social Management Information System) ထဲသို့ Data အချက်အလက်များ ရောက်ရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ MCCT ထောက်ပံ့ရာတွင် ပြည်သူလူထုအနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ၊ ကိုယ်ဝန်ဆောင်ဖြစ်ပါက ကိုယ်ဝန်ဆောင်ဆေးမှတ်တမ်းစာအုပ်မိတ္တူ၊ ကလေးဖြစ်ပါက ကလေးမွေးစာရင်းမိတ္တူ၊ အကျိုးခံစားမည့်သူ၏ ဓါတ်ပုံဖြင့် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံတွင် လာရောက်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံးဖုန်းနံပါတ် ၀၈၁-၂၁၂၁၁၁၆သို့ ရုံးချိန်အတွင်း မေးမြန်းနိုင်ကြောင်း အသိပေးနှိုးဆော်ထားရှိ ပါကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့