မိုင်းဆတ် နိုဝင်ဘာ-၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့နှင့်အတူ နိုဝင်ဘာ (၂)ရက် ညနေ (၅) နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-တာချီလိတ်လမ်းပေါ်ရှိ တံတားအမှတ်(၁/၂) ဆိုက်ခေါင်တံတား(နမ့်ခုတ်ချောင်းတံတား)(၃၂၈)ပေ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသဖြင့် ယာယီသံဘောင်ဘေလီတံတားဆောင်ရွက်နေမှု အခြေနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တံတားဦးစီးဌာန (ရုံးချုပ်) အင်ဂျင်နီယာချုပ် ဦးဇော်လင်းမြတ်၊ တိုင်းတာဝန်ခံမှ ဘေလီတံတားနှင့်ပတ်သက်၍ရှင်းလင်းရာ ပြည်နယ် ဝန်ကြီးချုပ်က တံတားအားစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပေးရန်နှင့် အချိန်မီပြီးစီးနိုင်ရေး ဖြည့်စွက်မှာကြားခဲ့သည်။အဆိုပါ မိုင်းဆတ်မြို့၊ နမ့်ခုတ်ငြိမ်းချမ်းရေးတံတား(ဆိုက်ခေါင်) ယာယီဘေလီတား ဆောင်ရွက်နေမှုသည် နိုဝင်ဘာလဒုတိယအပတ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းဆတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ရာဂီမုန်တိုင်းကြောင့် မိုင်းဆတ်မြို့နယ်ရှိ ပြည်သူများ၏နေအိမ်ပျက်စီးမှု အတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် ကသဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသောလမ်းများကို လမ်းပန်းဆက်သွယ်ရေးမပြတ်တောက်ရေးအတွက် ဆောင်ရွက်ခဲ့ ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကလည်း ကွင်းဆင်းဆောင်ရွက် ပေးခဲ့ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးမပြတ်တောက်စေရန် ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် သဘာဝဘေးဒဏ်ကြောင့်ပျက်စီးသွားသော လမ်း၊ တံတားများကို ဆောင်ရွက် ပေးနေပါကြောင်း၊ မူလနဂိုအတိုင်း စားဝတ်နေရေး၊ နေထိုင်ရေးတို့ကို ပြန်လည်ရောက်ရှိနိုင်အောင် ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သဘာဝဘေးကို ကာကွယ်နိုင်ရန်သစ်တောသစ်ပင်ခုတ်ထွင်ရှင်းလင်းမှုများ ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်း၊ သစ်တောများပြုန်းတီးပါက သဘာဝဘေးများဖြစ်ပေါ်လာနိုင်သောကြောင့် အားလုံးကဝိုင်းဝန်း ထိန်းသိမ်းပေးရန်လိုအပ်ပါကြောင်း၊ မကြာမီရောက်လာတော့မည့် မီးခိုးမြူငွေ့ပြဿနာများ ဖြစ်ပေါ်လာနိုင်သောကြောင့် ဌာနဆိုင်ရာများ၊ ပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းပေးကြရန် လိုပါကြောင်း၊ သဘာဝဘေးဒဏ်ကြောင့် ရှမ်းပြည်နယ်တွင်လည်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ရှိပါကြောင်း၊ သဘာဝဘေးဒဏ်သည် မည်သူမျှကြုံတွေ့လိုခြင်းမရှိသောကြောင့် ရေတို၊ ရေရှည် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဌာနဆိုင်ရာများအနေဖြင့်သာ ဆောင်ရွက်ခြင်းသာမဟုတ်ပဲ ပြည်သူများပါဝင်၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
၎င်းနောက် မိုင်းဆတ်ခရိုင် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး က ရာဂီမုန်တိုင်းကြောင့် မိုင်းဆတ်မြို့နယ်အတွင်း ပျက်စီးမှုများနှင့်စပ်လျဥ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေ အား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် က ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ပြည်သူများ၏ နေအိမ်ပျက်စီးမှုများအတွက် ထောက်ပံ့ငွေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် က ပေးအပ်ရာ လွယ်ဆောင်ကျေးရွာအုပ်စု၊ မိုင်းယွန်းကျေးရွာအုပ်စု၊ ပိန်းခမ်းကျေးရွာအုပ်စုမှ ကိုယ်စားလှယ်များနှင့် မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် ရေဘေးသင့်ပြည်သူများကိုယ်စား၊ ကိုယ်စားလှယ်အသီးသီးတို့က လက်ခံရယူကြကြောင်းသိရသည်။
အဆိုပါ သဘာဝဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးသွားသော မိုင်းဆတ်မြို့နယ်တွင် နေအိမ်ရေထဲမျောပါ/ပြိုကျပျက်စီး (၇၇) လုံး၊ နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီး (၅၀) လုံးအတွက် ငွေကျပ်(၂၆၈၄)သိန်း(၅)သောင်းနှင့် မိုင်းတုံမြို့နယ်တွင် နေအိမ်ရေထဲမျောပါ/ပြိုကျပျက်စီး (၄) လုံး၊ နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီး (၆) လုံးအတွက် ငွေကျပ် (၁၉၉) သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့