ဆိုက်ခေါင် အောက်တိုဘာ-၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ လွိုင်ကော်ကျောင်းခွဲ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဥ်(၄) သင်တန်းဖွင့်ပွဲကို အောက်တိုဘာ(၂၃)ရက် နံနက်(၉)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်အမျိုးသမီး အိမ်တွင်းမှု သက်မွေးသင်တန်းကျောင်း၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းများ တွင် ထိရောက်စွာ ဆောင်ရွက်ပေးရန် ကြိုးပမ်းနေချိန်ဖြစ်သည့်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တိုင်းရင်းသား ပြည်သူများအားလုံး သာတူညီမျှ အခွင့်အရေး ရရှိစေရန် လမ်းပန်းဆက်သွယ်မှု ခက်ခဲ့သည့် နယ်စပ်ဒေသတွင် ပညာသင်ကြားနိုင်ရန် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း (၄၇)ကျောင်းကို ဖွင့်လှစ်ပေးခဲ့ပြီး တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားပေးလျက် ရှိပါကြောင်း၊ အိမ်တွင်းမှု သင်တန်းကျောင်း၊ဆိုက်ခေါင်ကို ၂၀၂၂ခုနှစ် မေလတွင် စတင်ဖွင့်လှစ်ပေးပြီး အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဥ်(၁)မှ သင်တန်းအမှတ်စဥ်(၃)ထိ သင်တန်းသူ(၁၀၀)ဦး မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ယခု အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဥ်(၄)ကို ၂၀၂၃ခုနှစ် အောက်တိုဘာလ(၂၃)ရက်နေ့မှ ၂၀၂၄ခုနှစ် မတ်လ(၂၂)ရက်နေ့ထိ ရက်သတ္တပတ်(၂၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ရည်ရွယ်ချက် ကြီးမားစွာဖြင့် အကုန်ကျခံ၍ ဖွင့်လှစ်ပေးထားသည့် သင်တန်းကျောင်းများဖြစ်သည့် အတွက် သင်တန်းသူများက ကျောင်းမှ သင်ကြားပေးလိုက်သည့် အိမ်တွင်းမှု ပညာရပ်များဖြစ်သည့် စက်ချုပ် ဘာသာရပ်၊ လက်မှုဘာသာရပ်များကို အသက် မွေးဝမ်းကြောင်းပြုလုပ်နိုင်သည်အထိ သင်ယူသွားကြရန် ပြောကြားသည်။
ဆက်လက်၍ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ဆိုက်ခေါင်) ကျောင်းအုပ် ဒေါ်ခင်စန်းဝင်းမှ သင်တန်းနှင့်ပတ်သက်၍ စီစဥ်ဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက သင်တန်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်းမှ လက်ခံရယူသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြပြီး သင်တန်းတွင် အသုံးပြုမည့် အထောက်အကူပစ္စည်းများ၊ ခြေနင်းအပ်ချုပ်စက်၊ လျှပ်စစ်မော်တာအပ်ချုပ်စက်များကို လှည့်လည်ကြည့်ရှူကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး