တောင်ကြီး ဧပြီ-၂၂
ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ ပူးပေါင်းစီစဥ်ဖွင့်လှစ်သော အခြေခံလေကြောင်းလူငယ်သင်တန်း(တောင်ကြီးသင်တန်းစခန်း) အမှတ်စဥ်(၁/၂၀၂၄) ဖွင့်ပွဲကို ဧပြီ(၂၂)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့၊အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ကျင်းပသည်။
လေကြောင်းသင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က တပ်မတော်(လေ)အနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လေတပ်စခန်းဌာနချုပ်/လေတပ်စခန်းများရှိသည့်နေရာများတွင် လေတပ်စခန်းဌာနချုပ်/လေတပ်စခန်းများမရှိသည့်ကျိုင်းတုံ၊ တောင်ကြီး၊မော်လမြိုင်၊ ပြည်စသည့်မြို့များတွင် အခြေခံလေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်သွားမှာဖြစ်ကြောင်း၊ တန်းမြင့်သင်တန်းဖြစ်သည့် မြန်မာပြည်မြောက်ပိုင်း သင်တန်းစခန်းကိုလေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်နှင့်
မြန်မာပြည်တောင်ပိုင်းသင်တန်းစခန်းကို မှော်ဘီလေတပ်စခန်းတို့တွင် ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း၊ ယခုလိုလေကြောင်းလူငယ်သင်တန်းများဖွင့်လှစ်ပေးရသည့်ရည်ရွယ်ချက်မှာ မောင်တို့၊မယ်တို့လို ကျောင်းသား လူငယ်များကို လေကြောင်းဆိုင်ရာပညာရပ်များစိတ်ပါဝင်စားစေပြီး အခြေခံအဆင့်ကျွမ်းကျင်တတ်
မြောက်စေရေး၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီးကျန်းမာကြံ့ခိုင်စွာဖြင့် စုပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့်ကောင်းများရရှိစေရေး၊ လေကြောင်းသမိုင်းကိုလေ့လာခြင်းဖြင့် လေကြောင်းနှင့်အာကာသ
သိပ္ပံပညာရပ်များတွင် စိတ်ပါဝင်စားမှုပိုမိုတိုးပွားလာစေပြီး နိုင်ငံတော်အတွက်အနာဂတ်ကာလတွင်စိတ်ဓာတ်နှင့် အကျင့်စာရိတ္တမြင့်မားသည့် အင်အားသစ်လူငယ်များပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်ပြီးဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ လေကြောင်းလူငယ်သင်တန်း(တောင်ကြီးသင်တန်းစခန်း)အတွက် ထောက်ပံ့ငွေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်တို့က ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူနှင့်နည်းပြဆရာတို့မှလက်ခံရယူပြီး လေကြောင်းလူငယ်သင်တန်းတွင် သင်ကြားပို့ချမည့်အစီအစဥ်များအား သင်တန်းနည်းပြအရာရှိ ဗိုလ်ကြီးမင်းသက်မောင်က ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး သင်ထောက်ကူပစ္စည်းများအားကြည့်ရှု၍ သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
အဆိုပါအခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဥ်(၁/၂၀၂၄)သင်တန်းကို ဧပြီ(၂၂)ရက်မှမေလ
(၂၄)ရက်ထိ ရက်သတ္တ(၅)ပတ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင်သင်တန်းစခန်း(၁၇)ခုတွင် သင်တန်းသား၊ သင်တန်းသူ(၅၀)ဦးစီနှင့် စုစုပေါင်း(၈၅၀)ဦး ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး