ညောင်ရွှေ ဒီဇင်ဘာ-၁၇

ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အခြေခံစက်ချုပ်သင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်း ဆင်းပွဲကို ဒီဇင်ဘာလ(၁၇)ရက်၊ နံနက်(၉)နာရီခွဲက ညောင်ရွှေမြို့၊ ညောင်ရွှေသက်မွေးပညာ သင်တန်းကျောင်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရှမ်းပြည်နယ် ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ က အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပမှာရောက်ရှိနေသည့် အသက် ၁၆ နှစ်နှင့် ၁၈နှစ်အောက်ရှိ ကလေးများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ပထမငါးနှစ်စီမံချက်ကာလ အတွင်း သက်မွေးသင်တန်း(၃၀)ကနေ (၆၅၇)ဦးကို သက်ဆိုင်ရာဘာသာရပ်အလိုက် သက်မွေးအထောက်အကူပြု ပစ္စည်းများပေးအပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုနှစ်တွင် ရှမ်းပြည်နယ်အစိုးရဘဏ္ဍာရန်ပုံငွေဖြင့် သက်မွေး သင်တန်း(၈)မျိုးဖွင့်လှစ်ရန် ခွင့်ပြုလျာထားပြီး ယခုဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်နှင့် ကွန်ပျူတာအခြေခံသင်တန်းအပါအဝင် သင်တန်း(၅)မျိုးကို ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ကျန်ရှိသည့် သက်မွေးသင်တန်း(၃)မျိုးဖြစ်သည့် အခြေခံလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း၊ အခြေခံမော်တော် ဆိုင်ကယ်နှင့် တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းများကို ကျောင်းပြင်ပ ရောက်ပြီး ဘဝရပ်တည်ရန်ခက်ခဲနေသည့်ကလေးများ အခမဲ့တက်ရောက်ခွင့်ပေးသွားမှာ ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သက်မွေးသင်တန်းကနေတစ်ဆင့် တစ်ပိုင်တစ်နိုင်အိမ်တွင်းမှုသက်မွေးပညာရပ်နှင့် မိမိဘဝရပ်တည်နိုင်ရေး၊ မိသားစုဝင်ငွေတိုးတက် စေရေးအတွက် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးကော်မတီနာယက၊ ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်အောင်က အခြေခံစက်ချုပ်သင်တန်းမှ သင်တန်းသူများထံ သင်တန်းဆင်း လက်မှတ်များပေးအပ်ရာ သင်တန်းသူနှစ်ဦးမှ လက်ခံရယူ၍လည်းကောင်း ကွန်ပျူတာ အခြေခံသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းကပေးအပ်ရာ သင်တန်းသား တစ်ဦးမှ လက်ခံယူပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်သား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနုတ်ဆက်၍ သင်တန်းသူများမှ ချုပ်လုပ်ထားသည့် ချုပ်ထည်ပစ္စည်းများနှင့် အခြေခံစက်ချုပ်သင်တန်းခန်းမနှင့် ကွန်ပျူတာ အခြေခံသင်တန်းခန်းမတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ရွှေမြို့သဘာဝရေပူရေထွက်အား သွားရောက်ကြည့်ရှုရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေခံပြည်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး သဘာဝရေပူရေထွက်ပတ်ဝန်းကျင်တွင် သစ်ပင်များစိုက်ပျိုး ထိန်းသိမ်းပေးကြရန် မှာကြားခဲ့ကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ရွှေမြို့၊ ဟိုတယ်ဇုံစက်လှေဆိပ် Jetty တွင် သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးထွန်းထွန်းဦးက အင်းလေးဒေသဟိုတယ်ဇုန်လှေဆိပ်နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နန်းပန်မြို့တွင် မိုးလုံလေလုံ ဘော်လီဘောရုံ (၁၂၀`×၉၀’) Steel Structure (၁)လုံး တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကုမ္မဏီတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နန်းပန်မြို့မိုးလုံလေလုံအားကစားရုံမှ ညောင်ရွှေ-ရွှေညောင်လမ်းပိုင်း ဗောရိဿဘုရားမြောက်ဘက် ရေကျော်၍ လမ်းတာဘောင်မြှင့် ဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသူရဇော်မှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့