တောင်ကြီး ဇွန်-၁
ရှမ်းပြည်နယ်အ၀ိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း အမှတ်စဥ်(၁/၂၀၂၄)နှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်း အမှတ်စဥ်(၁/၂၀၂၄)ဆင်းပွဲကို ဇွန်(၁)ရက်နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စာကြည့်တိုက်များ ရေရှည်ရှင်သန်ခိုင်မာပြီး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စံ(၅)ချက်နှင့်ညီညွတ်သည့် စာကြည့်တိုက်များဖြစ်ရေး တည်ထောင်ဖွင့်လှစ်သည့်အခါ အဓိကအရေးပါသည့် အခန်းကဏ္ဍမှာပါဝင်သော စာကြည့်တ်ုက်မှူးများ၏ အရည်အသွေးများတိုးတက်လာစေရန်နှင့် စည်းစနစ်ကျနပြီး အရည်အချင်းပြည့်ဝသော မျိုးဆက်သစ်အခမ်းအနားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်သည့်သင်တန်းများ အောင်မြင်စွာပြီးစီးသည့် သင်တန်းဆင်းပွဲဖြစ်ပါကြောင်း၊ စာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းတွင် စာကြည့်တိုက်သမိုင်းကြောင်း၊ စာကြည့်တိုက်စီမံခန့်ခွဲခြင်းအကြောင်း၊ စာကြည့်တိုက်မျိုးတူစု လုပ်ငန်းများအကြောင်း၊ ကတ်တလောက်ရေးသွင်းနည်းအကြောင်း၊ စာပေပစ္စည်းထိန်းသိမ်းနည်းအကြောင်း၊ စာစု၊ စာပြု၊ စာဌားလုပ်ငန်းများအကြောင်း အပြင်ပုဂ္ဂလိက စာကြည့်တိုက်ပညာရှင်များကိုပါဖိတ်ကြားပြီး လက်တွေ့ဆောင်ရွက်နေသည့် စာကြည့်တိုက်လုပ်ငန်းများကို သင်ကြားပို့ချဆွေးနွေးပေးခဲ့သည်ကို သိရပါကြောင်း၊ အခမ်းအနားမှူးသင်တန်းတွင်လည်း အတွေ့အကြုံရင့်ကျက်သည့် ပညာရှင်ဆရာ၊ ဆရာမများကိုဖိတ်ကြားပြီး အခမ်းအနားမှူးတစ်ယောက်မှာ ရှိရမည့်အရည်အချင်းများ၊ အခမ်းအနားအမျိုးအစားများ၊ အသုံးအနှုန်းနှင့်ဝေါဟာရများ မှန်ကန်စွာသုံးစွဲရေးနှင့် လေယူလေသိမ်းများ၊ သဒ္ဒါအသုံးအနှုန်းများ မှန်ကန်စေရန် လက်တွေ့လေ့ကျင့်ခြင်းများကို သင်ကြားဆောင်ရွက်ပေးခဲ့သည့်ကို သိရပါကြောင်း ၊သင်တန်းသား၊ သင်တန်းသူများကို မှာကြားလိုသည်မှာ သင်တန်းကသင်ကြားပို့ချ ဆွေးနွေးသည့်ဘာသာရပ်များကို မိမိတို့လက်တွေ့နယ်ပယ်တွင် ထိထိရောက်ရောက်ဖြစ်အောင် ပြန်လည်အသုံးချပေးကြရန်နှင့် စာကြည့်တိုက်ကို လက်တွေ့တာဝန်ယူ ဆောင်ရွက်နေကြသည့် စာကြည့်တိုက်မှူးများအနေဖြင့် စာကြည့်တိုက်ပိုင်းဆိုင်ရာ ပညာရပ်များကို လက်တွေ့အသုံးချပြီး မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် စာကြည့်တိုက်များ ရေရှည်ရှင်သန်ခိုင်မာ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်၊ အခမ်းအနားမှူးသင်တန်းကို တက်ရောက်ခဲ့ကြသည့်သင်တန်းသား၊ သင်တန်းသူများကလည်း အခမ်းအနားမှူးနှင့် သက်ဆိုင်သည့် ပညာရပ်များကို ဆက်လက်ဆည်းပူးလေ့လာကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့၊ မိမိဌာနကအားကိုးအားထားပြုနိုင်သည့် စနစ်ကျနပြီးအခမ်းအနားတစ်ခုကို စ၊ လယ်၊ ဆုံး အောင်မြင်စွာတာဝန်ယူ ဆောင်ရွက်နိုင်သည့် အခမ်းအနားမှူးကောင်း တစ်ယောက်ဖြစ်အောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရန်ပြောကြားသည်။
ဆက်လက်၍ အခြေခံစာကြည့်တိုက်ပညာ သင်တန်းတွင် မေတ္တာဖြင့်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေက ပေးအပ်၍လည်းကောင်း၊ အခမ်းအနားမှူးသင်တန်းတွင် မေတ္တာဖြင့်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် သင်တန်းနည်းပြများအား ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးတို့ကလည်းကောင်း၊ အခမ်းအနားမှူးသင်တန်းနှင့် အခြေခံစာကြည့်တိုက်ပညာ သင်တန်းတွင် နှစ်သိမ့်ဆုရရှိသူများအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးကလည်းကောင်း၊ အခမ်းအနားမှူးသင်တန်းနှင့် အခြေခံစာကြည့်တိုက်ပညာ သင်တန်းတွင်တက်ရောက် အောင်မြင်ခဲ့သည့်သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသား(၂)ဦးအား သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်လူမှုရေးရာ ဝန်ကြီးကလည်းကောင်း၊ အခမ်းအနားမှူးသင်တန်းနှင့် အခြေခံစာကြည့်တိုက်ပညာ သင်တန်းတွင် နှစ်သိမ့်ဆုနှင့် တတိယဆုရရှိသူများကို ပြည်နယ်သယံဇတရေးရာဝန်ကြီး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးတို့က လည်းကောင်း၊ ဒုတိယဆုရရှိသူများကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း၊ ပထမဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့က အသီးသီးချီးမြှင့်ပေးကြပြီး လူထုအခြေပြုဗဟိုဌာနအတွက် Digital Projectorတစ်စုံအား ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ လက်ခံရယူပြီး သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူနှစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်းသိရသည်။
အဆိုပါ အခမ်းအနားမှူးသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၅၃)ဦး၊ အခြေခံစာကြည့်တိုက်ပညာ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်ကြပြီး သင်တန်းကို ၂၀၂၄ခုနှစ် မေလ(၂၇)ရက်မှ (၃၁)ရက်နေ့အထိ သင်ကြားပို့ချပေးလျက် ရှိကြောင်းသိရသည်။
ထို့နောက် တောင်ကြီးမြို့နယ် သစ်တောဦးစီးဌာန၊ တောင်ကြီး(ထင်း)ကြိုးဝိုင်းအတွင်း ဆောင်ရွက်ထားရှိသော သစ်တောလုပ်ငန်းများဖြစ်သည့် ၂၀၂၃ခုနှစ်မိုးရာသီတွင် စိုက်ပျိုးထားသော အင်းလေးကန် ရေဝေရေလဲထိန်းသိမ်းရေးအကျိုးပြု ၁/၂၀၂၃ရေဝေရေလဲစိုက်ခင်း(၁၀၀)ဧက ထင်းရှူးပင်(၂၀၀၀၀)ပင် ကျောက်သားပေါ်တွင် (၂)ပေအကျယ် (၂)ပေခွဲအနက် ကွန်တိုလိုင်းကျင်းတူးဖော်ပြီး မြေအစားထိုးထည့်၍ စိုက်ပျိုးထားသည့် မာတာကွက်၊ ပြည်လုံးချမ်းသာ၊ ထင်းရှူး(၁၂၅၀)ပင် အကြီးမြန်စပ်မျိုး ယူကလစ်(၁၀)ဧက (၄၈၄၀)ပင် ရှင်သန်ကြီးထွားမှု အခြေအနေအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ပြည်နယ်သစ်တောဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ ရှင်းလင်းပြီး၂၀၂၄ခုနှစ် မိုးရာသီတွင် စိုက်ပျိုးလျက်ရှိသော အင်းလေးကန် ရေဝေရေလဲထိန်းသိမ်းရေး အကျိုးပြုလုပ်ငန်းဖြစ်သည့် ၂/၂၀၂၄ရေဝေရေလဲ စိုက်ခင်း(၇၅)ဧက ထင်းရှူး မာတာကွက်၊ ပြည်လုံးချမ်းသာ (၁၅၀၀၀)ပင်အနက် (၅၀)ဧက(၁၀၀၀၀၀)ပင် စိုက်ပျိုးပြီးစီးမှုအခြေအနေအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနနှင့် စိန်နှင်းဆီသတ္တုတူးဖော်ရေး ကုမ္ပဏီလိမီတက်တို့ ပူးပေါင်းဆောင်ရွက်သော တောင်ကြီးမြို့ ရွှေဘုန်းပွင့်ဘုရား တောင်အတက်လမ်းအား (၂၂)ပေအကျယ် ကတ္တရာကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအားသွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်ခန်းမတွင် ပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများကရှင်းလင်းကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက် မှာကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့