ဟိုပုံး မတ်-၂၈
ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ပအိုဝ်းတိုင်းရင်းသားများ နေထိုင်သော ကျေးရွာများ ဖြစ်သည့် နမ့်ဟူးကျေးရွာ၊ ကျောက္ကချားကျေးရွာ၊ စံဖူးကျေးရွာ၊ ပါချားကလို့ကျေးရွာ၊ ဒုံလိတောင်ကျေးရွာများတွင် အဖျက် လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် PNLO၊ KNDF၊ PDF အကြမ်းဖက်သမားများသည် ဖေဖော်ဝါရီလ (၁၆)ရက်နေ့မှ စတင်၍ ရွာသူ၊ ရွာသားများအဖြစ် အသွင်ယူ ဝင်ရောက်ခြင်း၊ နေအိမ်များကို အကာအကွယ်ယူ၍ ဝင်ရောက်နေရာယူကာ လှုပ်ရှားမှုများ လုပ်ဆောင်လာခဲ့သည်။
၎င်းတို့၏ လုပ်ဆောင်မှုအပေါ် ဒေသခံ ပအိုဝ်းတိုင်းရင်းသားများ အနေဖြင့် လက်မခံနိုင်သည့်အတွက် တပ်မတော်သို့ သတင်းပေး တိုင်ကြားမှုများပြုလုပ်ခဲ့သဖြင့် တပ်မတော်နှင့် PNO အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ PNLO၊ KNDF၊ PDF အကြမ်းဖက်သမားများ အနေဖြင့် ကျေးရွာများရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ ဒေသခံတိုင်းရင်းသားများ ပိုင်ဆိုင်သည့် ပစ္စည်းများအား အတင်းအဓမ္မလုယက် ယူဆောင်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။
အဆိုပါ အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာရှိ နေအိမ်မီးလောင် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် မီးဘေးသင့် ပြည်သူများအား မတ်(၂၈)ရက် နံနက်(၈)နာရီခွဲက ဟိုပုံးမြို့၊ နမ့်ဟူးကျေးရွာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပစ္စည်းများအား သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ မိမိရပ်ရွာအေးချမ်း သာယာရေးအတွက် အားလုံးက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြရန်၊ ဒေသရှိ ပြည်သူများကလည်း မိမိရပ်ရွာ အေးချမ်း တည်ငြိမ်မှု ရရှိအောင် ကာကွယ်စောင့်ရှောက် ပေးကြရန် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ PNOအသွင်ပြောင်း ပြည်သူ့စစ် (ဌာန) ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဗီတာထွန်းနိုင်က ဒေသခံပြည်သူ များကို အားပေးစကားပြောကြား၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ထောက်ပံ့ငွေများ ပေးအပ်ရာ ရပ်မိရပ်ဖ ဦးခွန်တမောင်းမှ လက်ခံရယူပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်က စားသောက်ဖွယ်ရာ ပစ္စည်းများ ပေးအပ်ရာ မီးဘေးသင့်ပြည်သူ နှစ်ဦးမှ လက်ခံရယူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဟိုပုံးမြို့ ပန်လျန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်း၌ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ PNOအသွင်ပြောင်း ပြည်သူ့စစ် (ဌာန) ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဗီတာထွန်းနိုင်၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးခွန်သိန်းမောင်တို့က ဒေသခံပြည်သူများကို အားပေးစကားပြောကြားပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်က ထောက်ပံ့ငွေများ ပေးအပ်၍လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ ထောက်ပံ့ပစ္စည်းများကို တာဝန်ရှိသူတစ်ဦးမှ ပေးအပ်၍ လည်းကောင်း၊ စားသောက်ဖွယ်ရာပစ္စည်းများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခွန်ရဲထွေးနှင့် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ(ဟိုပုံး) ကျောင်းအုပ်ကြီးတို့က ထောက်ပံ့ပစ္စည်း များ ပေးအပ်ရာ တာဝန်ရှိကျေးရွာသူ၊ ကျေးရွာသားများက လက်ခံရယူကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ပန်လျန်းကျေးရွာရှိ ဆရာတော် ဦးန္ဒောဘာသအား ဖူးမျှော်ကန်တော့၍ ပန်လျန်းဘုန်းတော်ကြီးကျောင်း မီးဘေးသင့်ခဲ့သဖြင့် ပြန်လည်တည်ဆောက် နိုင်ရန်အတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ထောက်ပံ့ငွေ လှူဒါန်းပေးအပ်ရာ ကျောင်းဂေါပက တာဝန်ရှိသူ တစ်ဦးမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဟိုပုံးမြို့ ကျောက္ကချား ကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အားပေးစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများတို့က ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းတို့ကို ပေးအပ်ရာ ဒေသခံတာဝန်ရှိ ကျေးရွာသူ၊ ကျေးရွာသားများမှ လက်ခံရယူကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး