တောင်ကြီး ဖေဖေါ်ဝါရီ-၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ဆီဆိုင်မြို့နယ်၊ ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဥ်များကြောင့် ရှမ်းပြည်နယ်အတွင်းသို့ တိမ်းရှောင်ခိုလှုံရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာဝန်ထမ်းများနှင့် ပြည်သူများအတွက် နိုင်ငံတော်မှငွေပေးအပ်ခြင်းကို ဖေဖေါ်ဝါရီ(၁၃)ရက်နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်တောင်ပိုင်း(ဆီဆိုင်မြို့နယ်)၊ ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဥ်များကြောင့် နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများမှာ နေရပ်စွန့်ခွာ၍ ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၂)ခုနှင့် ခရိုင်ပေါင်း(၁၃)ခုရှိ မြို့နယ်ပေါင်း(၃၁)မြို့နယ်တို့တွင် တိမ်းရှောင်ခိုလှုံနေရပါကြောင်း၊ ယာယီနေရပ်စွန့်ခွာ၍ တိမ်းရှောင်ရခြင်းသည် အခက်အခဲဒုက္ခများစွာ ကြုံတွေ့ရသောကြောင့် နားလည်ကိုယ်ချင်းစာသောကြောင့် နိုင်ငံတော်အစိုးရက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုက်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ဆန်အိတ်ပေါင်း(၅၀,၈၃၇)အိတ်နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ (၁၂၃၃.၂၉၆)သန်းတန်ဖိုးရှိ အသုံးအဆောင်ပစ္စည်းများနှင့် ဆန်ရိက္ခာများပေးအပ်ခြင်းအပြင် ပြည်နယ်အစိုးရကလည်း (၈၅၃.၁၁၈)သန်းတန်ဖိုးရှိ စားရေရိက္ခာများနှင့် အသုံးအဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ပါကြောင်း၊ နိုင်ငံတော်မှပေးအပ်ငွေများကို အလေအလွင့်မရှိဘဲ နေရပ်စွန့်ခွာပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် ပေးနိုင်ရေးအတွက် ရှမ်းပြည်နယ်အတွင်းခိုလှုံနေကြသည့် ယာယီနေရပ်စွန့်ခွာနေကြရသူများ၏ စာရင်းများကိုကောက်ယူခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၂)ခု၊ ခရိုင်ပေါင်း(၁၃)ခုအတွင်းရှိ မြို့နယ်ပေါင်း(၁၃)မြို့နယ်သို့ လာရောက်ခိုလှုံသူဝန်ထမ်းနှင့် မိသားစု၊ ပြည်သူစုစုပေါင်းအင်အားမှာ ဇန်နဝါရီလ စာရင်းဇယားအရ (၉၇,၂၅၃)ဦးဖြစ်ပြီး တစ်လစာငွေပေးအပ်မှု လူတစ်ဦးလျှင်နှစ်သောင်းနှုန်းဖြင့် (၁.၉)ဘီလီယံကျော် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းနှင့် မိသားစုများ၊ ပြည်သူများအား ငွေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကပေးအပ်ရာ ပြည်နယ် အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာန၊ ပြည်နယ်ပညာရေးဦးစီးဌာန၊ ပြည်နယ်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်စင်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပအိုဝ်း၊ ဓနု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တောင်ကြီးခရိုင် ကလောခရိုင်တာဝန်ရှိသူများမှ အသီးသီးလက်ခံရယူကြသည်။
အဆိုပါယာယီနေရပါစွန့်ခွာဝန်ထမ်းနှင့် မိသားစုများ၊ ပြည်သူများအား ဇန်နဝါရီလမှစ၍ ယာယီနေရပ်စွန့်ခွာပြည်သူအင်အား (၉၇၂၅၃)အတွက် စုစုပေါင်းငွေ(၁,၉၄၅,၀၆၀,၀၀၀) ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်သည့်လများတွင် (၃)လတစ်ကြိမ်ပေါင်းပြီး ၂၀၂၅ခုနှစ်ကုန်အထိ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
၎င်းနောက် တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖေဖေါ်ဝါရီလပိုင်းတွင် ကျောင်းစစ်စာမေးပွဲများရှိသည့်အတွက် ယာဥ်စည်းကမ်းလမ်းစည်းကမ်းများ ဆောင်ရွက်ပေးကြရန် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးကြရန်၊ စာမေးပွဲများပြီးဆုံး၍ နွေရာသီကာလတွင် ကျောင်းသား၊ ကျောင်းသူများအတွက် သက်ဆိုင်ရာဌာနများက သင်တန်းများဖွင့်လှစ်ပို့ချပေးကြရန်၊ သဘာဝဘေးဒဏ်ကြောင့် အချို့နေရာများတွင် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားမှုနောက်ကျခဲ့သဖြင့် လာမည့်နွေရာသီကာလတွင် ပြန်လှန်လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးကြရန်၊ စာကြည့်တိုက်များတွင် စာပေများစဥ်ဆက်မပြတ် လေ့လာဖတ်ရှုနိုင်ရန် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးကျော်ကျော်ထွန်းက ယာယီနေရပ်စွန့်ခွန်ဝန်ထမ်းများနှင့် ပြည်သူများ၏ စာရင်းဇယားများကို သေချာပြုစုပေးပို့ကြရန် ဆွေးနွေးပြောကြားကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး