ဟိုမိန်း နိုဝင်ဘာလ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ ဟိုမိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ မီးသတ်ဦးစီးဌာန နှင့် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ(၂၃)ရက် မွန်းလွဲ ၂ နာရီက ဟိုမိန်းမြို့ အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟိုမိန်းမြို့အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမျိုးသီက အဖွင့်အမှာစကားပြောကြားပြီး ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးထက်ထက်ထွန်းက ယနေ့လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား/သူ များဖြစ်လာစေရန် အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချ၍ သုတ/ရသပေးစွမ်းနိုင်သော စာအုပ်စာပေများ ဖတ်ရှုခြင်း ၊ စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများ ၊ စာများများဖတ်မှ အသိပညာ ၊ အတတ်ပညာတိုးပွားမည်ဖြစ်ကြောင်း ၊ ပြည်သူ့စာကြည့်တိုက်သို့လာရောက်၍ စာအုပ် စာစောင်များ ငှားရမ်းဖတ်ရှု့လေ့လာနိုင်ကြောင်း ၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးသိကောင်းစရာများကိုလည်းကောင်း ၊ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေမျိုးလှိုင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုဖြစ်ပွားစဉ် လုပ်ဆောင်ရမည့် ဆောင်ရန် ၊ ရှောင်ရန်များကိုလည်းကောင်း ဟောပြောခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသောကျောင်းသား/သူများကို ဉာဏ်စမ်းပဟေဠိမေးခွန်းများ မေးမြန်းရာ ဖြေဆိုနိုင်သည့် ကျောင်းသား/သူများကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို စိတ်ဝင်တစားလေ့လာ ဖတ်ရှု့ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး