ဟိုပုံး စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသိပညာပေးဟောပြောပွဲကိုစက်တင်ဘာလ(၂၈)ရက် နေ့မွန်းလွှဲ (၁)နာရီက စငေါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ခဲ့သည်။ 
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးဖွံ့ဖြိုးတိုးတက်ပြီး အသိပညာ၊ အတတ်ပညာများဖွံ့ဖြိုးတိုး တက်စေရန်၊ လူငယ်ဆိုတာ မိသားစုတစ်ခုရဲ့အဖူးအငုံများဖြစ်ပြီး အရည်အချင်းရှိတဲ့ လူငယ်တွေဖြစ် လာဖို့ ပတ်ဝန်းကျင်ကောင်း၊ လေ့ကျင့်ပျိုးထောင်မှုကောင်းတွေလိုအပ်လျက်ရှိကြောင်း၊ လူငယ်တွေဟာ ပေါ့ပါးသွက်လက်ပြီး ဖြစ်ချင်တဲ့အရာကို ပုံဖော်နိုင်တဲ့အရွယ်တွေဖြစ်ကြောင်း၊ လူငယ်ဆိုတာ ရိုးသားရမယ်၊ ကြိုးစားရမယ်၊ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ရမယ်၊ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနေတဲ့လူငယ်တွေဖြစ်ရမည်ဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်က ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်များနှင့် မြေငလျင်ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင် ကာကွယ်ရေးနည်းလမ်းများကိုလည်းကောင်း၊ မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါ်ခိုင်သင်းဦးက ရေချွေတာသုံးစွဲရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ် စာစောင်နှင့် ပလပ်စတစ်အန္တရာယ်နံရံကပ်စာစောင်များကို ပြသပြီးနောက် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပအိုဝ်းဘာသာဖြင့်ထုတ်ဝေသည့် သဘာဝဘေးအန္တရာယ်ကြိုကာကွယ်‌ရေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး