တောင်ကြီး ဇွန်-၂၀
ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနက် ထူးချွန်သူများကို ရွေးချယ်ပြီး သမဝါယမကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်ရန် သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)၏ တတိယအကြိမ်မြောက် သင်တန်းဖွင့်ပွဲနှင့် ပထမအကြိမ် မြောက် သင်တန်းသား၊ သင်တန်းသူများအား Certificate ပေးအပ်ပွဲကို ဇွန်(၂၀)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်ကျောင်း၊ မြတ်ဘုန်းရောင်ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယခုဖွင့်လှစ်သည့် သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း၏ တတိယအကြိမ်မြောက် သင်တန်းကို ပထမနှစ် သင်တန်းသား(၁၇)ဦး၊ သင်တန်းသူ(၁၇)ဦး၊ ပေါင်း(၃၄)ဦး ဒုတိယနှစ်သင်တန်းသား(၁၀)ဦး၊ သင်တန်းသူ(၂၅)ဦး ပေါင်း(၃၅)ဦးနှင့် Certificate တက်ရောက်ယူသော သင်တန်းသား(၈)ဦး၊ သင်တန်းသူ(၁၅)ဦး၊ ပေါင်း(၂၃)ဦး၊ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၉၂)ဦး တက်ရောက်ပညာသင်ကြားနေမှုကို တွေ့ရှိရပါကြောင်း၊ တောင်ကြီး သမဝါယမ စာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသည် ရပ်ဝေးမှလာသော သင်တန်းသား၊ သင်တန်းသူများကို နေထိုင်ရေးစီစဥ်ပေးပြီး တစ်ကြိမ်လျှင် ကျောင်းသား၊ ကျောင်းသူ(၇၀)ဦးအထိ လက်ခံသင်ကြားပေးမည်ဖြစ်ပြီး ယခင်သင်တန်းကာလ(၂)နှစ် အစား ယခု၂၀၂၄-၂၀၂၅ပညာသင်နှစ် ကစ၍ သင်တန်းကာလကို (၃)နှစ်အထိ သင်ကြားပို့ချပေးသွားမည် ဖြစ်ပြီး (၃)နှစ်စာ သင်ရိုးညွှန်တမ်းများကို ပြောင်းလဲပြင်ဆင်ပြီးဖြစ်ကြောင်း၊ တောင်ကြီးသင်တန်းကျောင်းအပြင် မန္တလေး၊ မကွေး၊ မော်လမြိုင်၊ ပုသိမ် စသည့်မြို့ကြီးများတွင်လည်း တစ်ပြိုင်နက် ဖွင့်လှစ်သင်ကြားလျက် ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပထမအကြိမ်မြောက် သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအနက် သမဝါယမကောလိပ်သို့ ပေါင်းကူးတက်ရောက်ခွင့်ရသော သင်တန်းသား၊ သင်တန်းသူများအား Certificate နှင့် သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)အတွက် ဆန်အိတ်(၁၀၀) ထောက်ပံ့ငွေ ကျပ်သိန်း(၅၀)တို့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပေးအပ်ရာ တာဝန်ရှိသူများ အသီးသီးမှ လက်ခံရယူပြီး ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က ပထမအကြိမ်မြောက် သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအား Certificateနှင့် သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေပေးအပ်ရာ ကျောင်းသူတစ်ဦးနှင့် ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူ၍ ရှမ်းပြည်နယ် (တောင်ပိုင်း၊ အရှေ့ပိုင်း) သမဝါယမအသင်းစု ဒုတိယဥက္ကဋ္ဌ၊ တောင်ကြီးမြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌတို့က ထောက်ပံငွေများ အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း (တောင်ကြီး)ကျောင်းရှိ ကွန်ပျူတာခန်းမ၊ အမျိုးသမီး၊ စားဖိုဆောင်၊ ထမင်းစာဆောင်နှင့် အမျိုးသား အိပ်ဆောင်တို့ကို လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့