တောင်ကြီး သြဂုတ်-၃၀
၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်နယ်အဆင့်နည်းပြသင်တန်းဆင်းပွဲကို သြဂုတ်(၃၀)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သင်တန်းကာလ (၁၀)ရက်တာပြီးမြောက်သည့်အချိန်မှာ သန်းခေါင်စာရင်းမေးခွန်းတွင် ပါဝင်သည့်လူဦးရေးဆိုင်ရာအကြောင်းအရာ၊ ပြည်တွင်းရွှေ့ပြောင်းသွားလာမှု၊ ပညာရေး၊ လုပ်သားအင်အား၊ မွေးဖွားမှု၊ မသန်စွမ်းမှု၊ ပြည်ပရွှေ့ပြောင်းသွားလာမှု၊ အိမ်အကြောင်းအရာ၊ သေဆုံးမှုနှင့် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုများနှင့်ပတ်သက်သည့် ဘာသာရပ်အလိုက် သင်ခန်းစာအားလုံးကို ကျေကျေညက်ညက်သိရှိပြီးဖြစ်၍ ယုံကြည်ပါကြောင်း၊ အဖွဲ့အစည်းများ မေးမြန်းရမည့်အချက်အလက်၊ CAPIစနစ်ကိုအသုံးပြုပြီး စာရင်းကောက်ယူပြီး အချက်အလက်များကို ရုံးချုပ်ဆာဗာသို့ ပေးပို့သည့်စနစ်များကိုလည်း နားလည်သိရှိပြီးဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ဆင့်ပွားသင်တန်း ဆက်လက်ဖွင့်လှစ်ပို့ချသည့်အခါ ဘာသာရပ်၊ သင်ခန်းစာများအပြင် စာရင်းကောက်များအနေဖြင့် ဖြေဆိုသူများမကြိုက်နှစ်သက်သော စကားအသုံးအနှုန်းများ မသုံးမိကြစေရန်၊ မေးခွန်းများကိုမေးမြန်းရာတွင် လိမ္မာပါးနပ်စွာ မေးမြန်းကြရန် အထူးမှာကြားလို့ကြောင်း၊ သင်တန်းကာလတစ်လျှောက်လုံးတွင် သင်တန်းသား၊ သင်တန်းသူ ဆရာ/ဆရာမများအနေဖြင့် စိတ်ပါဝင်စားစွာသိရှိလိုသည့် အချက်များကိုမေးမြန်းခြင်း၊ မြေပြင်အတွေ့အကြုံများနှင့် ဆက်စပ်ပြီးဆွေးနွေးခြင်းကို ပြုလုပ်ကြသည့်အတွက် သိရှိရသည်ကိုကျေနပ်မိပါကြောင်း၊ မကြာမီဖွင့်လှစ်မည့် ခရိုင်အဆင့်နည်းပြသင်တန်းတွင် သင်တန်းနည်းပြများအဖြစ် ခန့်အပ်ဆောင်ရွက်ကြရမှာဖြစ်သည့်အတွက် သင်တန်းမှရရှိလာသော သန်းခေါင်စာရင်းဆိုင်ရာ အသိအမြင်များကို ပြန်လည်သင်ကြားပို့ချသည့်အခါ မခြွင်းမချန်ထိထိရောက်ရောက် ပြန်လည်ပို့ချလေ့ကျင့်ပေးရန် အထူးလိုအပ်ပါကြောင်း၊ သင်တန်းကပို့ချခဲ့သည့် ဘာသာရပ်ဆိုင်ရာများ၊ သင်ကြားမှုနည်းစနစ်များကို မိမိတို့၏အတွေ့အကြုံနှင့် ပေါင်းစပ်ပြီး သန်းခေါင်စာရင်း မေးခွန်းများပါအချက်အလက်များကို မှန်မှန်ကန်ကန်ရရှိနိုင်အောင် ခရိုင်အဆင့်၊ မြို့နယ်အအဆင့်သင်တန်းများတွင် လိုအပ်သလိုဝင်ရောက်ကြီးကြပ်ရန် မှာကြားလို့ကြောင်း၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအနေဖြင့် နည်းပြတာဝန်များကို မိမိတို့၏အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ ခရိုင်အဆင့် နည်းပြခန့်အပ်လွှာများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများမှလက်ခံရယူပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး၍ နည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများကို ပြည်နယ်ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီးနုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ၂၀၂၄ခုနှစ်လူဦးရေနှင့်အိမ်အ‌ကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးပြည်နယ်အဆင့်နည်းပြသင်တန်းကို ၁၉-၈-၂၀၂၄ရက်နေ့မှ ၃၀-၈-၂၀၂၄ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိခရိုင်ရှစ်ခုမှသန်းခေါင်စာရင်းစစ်သင်တန်းသား၊သင်တန်းသူဆရာ/ဆရာမ၂၄ဦးမြို့နယ်များရှိလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဌာနမှအထောက်အကူပြုသင်တန်းသား၂၀ဦးစုစုပေါင်းသင်တန်းသား၊သင်တန်းသူ(၄၄)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့