တောင်ကြီး မတ်-၃၁
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်နိုင်နိုင်ဦး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်မင်းလတ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် မတ်(၃၁)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပင်လုံရိပ်သာ၌ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ဂုဏ်ပြုချီးမြှင့်ငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသော ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၄၄၇)သိန်းနှင့် စားသောက်ဖွယ်ရာများကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ တပ်မမှူးနှင့် တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့ ရှမ်းပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ့ရှိ ရဲတပ်ဖွဲ့ဝင်မိသားစုများအား တွေ့ဆုံ၍ သန့်ရှင်းသော သောက်သုံးရေရရှိစေရန် ရေသန့်စက် တည်ဆောက်ပေးမည့်နေရာအား လှည့်လည်ကြည့်ရှုပြီး တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်ဘုရား တောင်အတက်အဆင်းလမ်း အဆင့်မြှင့်တိုးချဲ့နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး