လားရှိုး သြဂုတ်-၃၀
ရှမ်းပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနနှင့် ရုရှားဘာသာစကားနှင့် ဆက်ဆံရေးဟိုတယ်တိုးတက်ကောင်းမွန်စေရေး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(မွမ်းမံ)၏ သင်တန်းပွဲဖွင့်ကို သြဂုတ်(၂၉)ရက် နံနက်(၈)နာရီက လားရှိုးတက္ကသိုလ်၊ ကမ္ဘောဇခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိဟိုတယ်များတွင် ရုရှားခရီးသွားများ လာရောက်လည်ပတ်ပါက ကောင်းမွန် ထိရောက်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် နယ်မြေအသီးသီးမှာ ဖွဲ့စည်းထားရှိပြီးဖြစ်သည့် ရုရှားဘာသာစကားနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးဌာနချုပ် နယ်မြေကော်မတီများနှင့် ပူးပေါင်းပြီး ရုရှားဘာသာစကား အခြေခံသင်တန်းနှင့် မွမ်းမံသင်တန်းများကို ဖွင့်လှစ်ပေးရန် လမ်းညွှန် ထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ ရုရှားဘာသာစကားနှင့် ဆက်ဆံရေး တိုးတက်ကောင်း မွန်စေရေး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေကော်မတီ၏ နည်းပြပံ့ပိုးမှုဖြင့် ရုရှားဘာသာစကား အခြေခံသင်တန်းကို တောင်ကြီးမြို့တွင် သင်တန်းသား(၆၃)ဦးကို ၂၀၂၃ခုနှစ်မေလ(၁၅)ရက်မှ (၂၆)ရက်နေ့ထိ၊ ကလောမြို့နယ်တွင် သင်တန်းသား(၆၇)ဦးကို မေလ(၂၉)ရက်မှ ဇွန်လ(၉)ရက်နေ့ထိ လည်းကောင်း၊ ရုရှားဘာသာမွမ်းမံသင်တန်းကို တောင်ကြီးမြို့တွင် ၂၀၂၃ခုနှစ် ဇူလိုင်လ(၂၄)ရက်မှ သြဂုတ်(၁၈)ရက်နေ့ထိ ဖွင့်လှစ်နိုင်ခဲ့ပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေတွင် ရုရှားဘာသာစကား သင်တန်းကို ကျိုင်းတုံမြို့တွင် သင်တန်းသား(၃၃)ဦးဖြင့် ၂၀၂၃ခုနှစ် သြဂုတ်လ(၁၀)ရက်နေ့မှ စတင်ဖွင့်လှစ်ပြီး စက်တင်ဘာ(၆)ရက်နေ့တွင် သင်တန်းဆင်းမည်ဖြစ်ကြောင်း ယခုလားရှိုးမြို့တွင် ဖွင့်လှစ်သည့် သင်တန်းသည် ရှမ်းပြည်နယ်တွင် ဖွင့်လှစ်သည့် ရုရှားဘာသာစကား သင်တန်းများအနက် ပဉ္ဓမအကြိမ်မြောက်ဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများဖွင့်လှစ်ရန် ပံ့ပိုးပေးခြင်းများအပြင် ပွဲတော်များ စီစဉ်ကျင်းပပေးခြင်း၊ ခရီးစဉ်ဒေသများ အဆင့်မြှင့်တင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းတွင် နည်းပြများက သင်ကြားပေးလိုက်သည့် သင်ခန်းစာများကို ကြိုးစားလိုက်နာသင်ယူပြီး၊ ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သည်အထိ လေ့လာဆည်းပူးသင်ယူကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ သင်တန်းသား၊သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက သင်တန်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူကြောင်း သိရသည် ။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး