တောင်ကြီး နိုဝင်ဘာ-၂၄
၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် ရှမ်းပြည်နယ် အသက်(၁၈)နှစ်အောက်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော် ဖွင့်ပွဲကို နိုဝင်ဘာ(၂၃)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ် အားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပညာရေးဌာနမှ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော် အေးက ယခုကျင်းပသည့် ရှမ်းပြည်နယ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်တွင် အားကစားနည်း(၇)မျိုး (ဘောလုံး၊ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ဘတ်စကတ်ဘော၊ ကြက်တောင်၊ စားပွဲတင် တင်းနစ်) စသည့် အားကစား ပြိုင်ပွဲများ ပြုလုပ်ကျင်းပသွားမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ခရိုင်အုပ်စု(၃)ခု၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ခရိုင်အုပ်စု(၂)ခု စုစုပေါင်း ခရိုင်အုပ်စု(၅)ခုထဲမှ အတော်ဆုံး၊အကျွမ်းကျင်ဆုံး အားကစား သမားများကို ရွေးချယ်ပြီး ရှမ်းပြည်နယ် လက်ရွေးစင်ကစားသမားအဖြစ် ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲတွင် ခရိုင်အုပ်စု(၅)ခုမှ အားကစားသမား၊ အုပ်ချုပ်၊ နည်းပြ စုစုပေါင်း အင်အား(၆၃၃)ဦး ပါဝင်ယှဥ်ပြိုင်ကြမည်ဖြစ်ပြီး ရှမ်းပြည်နယ် အခြေခံပညာ ကျောင်းသားအားကစား လက်ရွေးစင် အသင်းကို ရွေးချယ်ရာတွင် အားကစားနည်းအလိုက် ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အခြေခံပညာ ကျောင်းသား အားကစားလက်ရွေးစင် အသင်းကို ကစားသမား၊ အုပ်ချုပ်သူ၊ နည်းပြ အုပ်ချုပ်မှုအဖွဲ့ အပါအဝင် စုစုပေါင်း အင်အား(၁၃၇)ဦးဖြင့် ဖွဲ့စည်း၍ နေပြည်တော် ဗဟိုအဆင့်ကို ဝင်ရောက် ယှဥ်ပြိုင်ကြမှာ ဖြစ်ကြောင်း ၊ ဗဟိုအဆင့်တွင် ယှဥ်ပြိုင်ပြီး ရွေးချယ်ခံရသော ကစားသမားများကို အားကာ သိပ္ပံကျောင်းမှ အားကစားသမားများနှင့် ပြန်လည်ယှဥ်ပြိုင်စေပြီး Selection များရွေးချယ်ကာ ASEAN SCHOOL GAMES 2024 ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်း အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုပြီး အားကစား သမားများ၊ ဘင်ခရာတပ်ဖွဲ့ဝင်များမှ ပြည်နယ်ဝန်ကြီးချုပ်အား ချီတက်အလေးပြုကြ၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး တောင်ကြီးမြို့ အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများက အေရိုးဗစ်အကဖြင့် သရုပ်ပြတင်ခြင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက Fitness Dance အကဖြင့် သရုပ်ပြတင်ဆက်ကြကြောင်း သိရသည်။
၎င်းနောက် တောင်ကြီးခရိုင်နှင့် လင်းခေးခရိုင် အမျိုးသား ဘောလုံးယှဥ်ပြိုင်နေမှုကို ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများတို့က ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး