တောင်ကြီး ဇူလိုင်-၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် မြေအောက်ရေထိန်းသိမ်းနိုင်ရေးအတွက် ဇူလိုင်(၁၄)ရက်နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ ငှက်ဘေးမဲ့တော၊ ကိုးနဝင်းဘုန်းကြီးကျောင်းအနီး ဒုတိယအကြိမ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပသည်။
သစ်ပင်စ်ုက်ပျိုးပွဲတော်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်း သစ်တောဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီတွင် သစ်မျိုး(၅၇)မျိုး၊ ပျိုးပင်ပေါင်း(၂၅)သိန်းခန့် ပျိုးထောင်ထားရှိပြီး အင်းလေးကန် ရေဝေရေလဲဒေသထိန်းသိမ်းရေး ကလောမြို့ ထင်းရှူးမြို့တော်ဖြစ်ရေး၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး အစရှိသည့်စီမံကိန်းနှင့် စီမံချက်များအရ စီးပွားရေးစိုက်ခင်း၊ ရေဝေရေလဲစိုက်ခင်း၊ စက်မှုကုန်ကြမ်းစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်း၊ အာဆီယံလမ်းမကြီး ဝဲယာစိုက်ခင်းစသည့် စိုက်ခင်းများအနေဖြင့် သစ်တောသစ်ပင်(၁၁)သိန်းခန့်ကို သစ်တောဦးစီးဌာနက ရာသီချိန်မီ တာဝန်ယူစိုက်ပျိုးခဲ့ပြီး ဌာနဆိုင်ရာ၊ တပ်ရင်းတပ်ဖွဲ့နှင့် ပြည်သူလူထုများသို့ သစ်တောသစ်ပင်(၁၄)သိန်းကျော် ဖြန့်ဝေစိုက်ပျိုးလျက်ရှိပါကြောင်း၊ ၂၀၂၄ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ရှမ်းပြည်နယ်အတွင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်(၆၀)ပွဲ လျာထားဆောင်ရွက်ရာ သစ်ပင်စိုက်ပျိုးပွဲပေါင်း(၅၇)ကြိမ်၊ သစ်တောသစ်ပင်(၄၂၈၉၀)ပင် ကိုစိုက်ပျိုးခဲ့ပြီး ကျန်ရှိသည့်သစ်ပင်စိုက်ပွဲများကို ဇူလိုင်လအတွင်း အပြီးစိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တောင်ကြီးမြို့ စိမ်းလန်းစိုပြည်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပြည်နယ်အဆင့် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်တောဦးစီးဌာနနှင့်ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့သော တင်မြင့်ရီကုမ္ပဏီအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရာ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးများက စိုက်ပျိုးရန်သစ်ပင်များကို ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းသား၊ တိုင်းရင်းသူများ အမျိုးသမီးရေးရာအဖွဲ့များနှင့် ဒေသခံပြည်သူများအားပေးအပ်ရာ တာဝန်ရှိသူအသီးသီးမှ လက်ခံရယူကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်တို့က သစ်ပင်စိုက်ပျိုးမည့်နေရာတွင် နေရာယူ၍ သစ်ပင်စိုက်ပျိုးပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းမှ သင်တန်းသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ဒေသခံပြည်သူများ သစ်ပင်စိုက်ပျိုးပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
အဆိုပါ မိုးရာသီ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် ချယ်ရီ(၁၄၀)ပင်၊ စိန်ပန်းပြာ(၁၄၀)ပင်၊ စိန်ပန်းနီ(၁၄၀)ပင်၊ မာတာကွက်(၁၅၀)ပင်၊ ယူကလစ်(၃၀)ပင် ထင်းရှူး(၃၀)ပင် စုစုပေါင်း(၆၃၀)ပင် စိုက်ပျိုးပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့