တောင်ကြီး နိုဝင်ဘာ-၂၃
ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာပွဲတော်ကို ဖော်ထုတ် မြှင့်တင်အားပေးခြင်းဖြင့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ၁၃၈၅ခု တန်ဆောင်မုန်းလဆန်း(၉)ရက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့မှ (၂၇)ရက်အထိ(၇)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း မြို့လုံးကျွတ် ဘုံကထိန် ပဒေသာပင် လှည့်လည်ပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ၊ နေ့လွှတ်မီးပုံးပျံပြိုင်ပွဲ (တစ်ကောင်ချင်း၊အုပ်စုအရုပ်) ညလွှတ် ယမ်းမီးကြီး မီးပုံးပျံ၊ စိန်နားပန် မီးပုံးပျံပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ(၂၃)ရက်နေ့တွင်လည်း နေ့လွှတ် မီးပုံးပျံ ခြေနှစ်ချောင်း အရုပ်(၅)လုံး၊ ခြေလေးချောင်း အရုပ်(၅)လုံး ပါဝင်ယှဥ်ပြိုင်လွှတ်တင်ကြပြီး ညပိုင်းတွင် ခေတ်ပေါ်တေးဂီတတီးဝိုင်းဖြင့် ဒေသခံ အဆိုတော်များဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ညမီးကြီး(၂၂)ပေ(၄)လုံး၊ (၂၅)ပေ(၂)လုံး၊ ညမီးကြီး စိန်နားပန်(၃)လုံး ပါဝင်ယှဥ်ပြိုင်လွှတ်တင်ပေးကြရာ ဒေသခံပြည်သူများ ရပ်ဝေး၊ရပ်နီးမှ ဧည့်သည်တော်များ၊ ပွဲလာဧည့်ပရိတ်သတ်များ အင်အားတစ်သိန်းခွဲခန့် စည်ကားသိုက်မြိုက်စွာ၊ ပျော်ရွှင်အေးချမ်းစွာဖြင့် ပွဲကိုဆင်နွဲကြကြောင်း သိရှိရသည်။
အဆိုပါ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ညမီးကြီး(၂၅)ပေ(၁၅)လုံး၊ (၂၂)ပေ(၂၃)လုံး၊ ညမီးကြီး စိန်နားပန်(၁၈)ပေ(၂၅)လုံး စုစုပေါင်း(၆၃)လုံး၊ နေ့လွှတ်အရုပ်ခြေ(၂)ချောင်း(၃၇)လုံး၊ ခြေလေးချောင်း(၁၇)လုံး၊ အရုပ်အုပ်စု(၉)လုံး စုစုပေါင်း(၆၃)လုံး ပါဝင်ယှဥ်ပြိုင်ကြပြီး မီးပုံးပျံ နေ့လွှတ်အရုပ်ပြိုင်ပွဲကို မွန်းလွဲ(၁)နာရီမှညနေ(၄)နာရီအထိနှင့် ညမီးပုံးပျံလွှတ်ချိန်ကို ည(၇)နာရီမှ စတင်မည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး