တောင်ကြီး ဇူလိုင် ၃
၂၀၂၄-ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယနေ့ ဇူလိုင်လ(၃)ရက်နေ့သည် မြန်မာနိုင်ငံဒေသ အသီးသီးတွင်နေထိုင်ကြသည့် မြန်မာအမျိုးသမီးများ အားလုံးအတွက် ထူးခြားလေးနက်သည့် နေ့ဖြစ်ပါကြောင်း၊ မြန်မာအမျိုး သမီးများအားလုံးကို လှိုက်လှိုက် လှဲလှဲဂုဏ်ပြုပါကြောင်း၊ နိုင်ငံတော်ကကဏ္ဍစုံတွင် အမျိုးသမီးများအနေဖြင့် အမျိုးသားများနှင့်တန်းတူ ရင်ဘောင်တန်း ပါဝင်တောင်ရွက်လာနိုင်စေရန် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အမျိုးသမီးများအနေဖြင့် အရည်အချင်း၊ အရည်အသွေးပြည့်ဝရေး၊ အသိပညာဖွံ့ဖြိုးရေး၊ ဗဟုသုတလေ့လာပြည့်စုံရေးကို ကြိုးစား အားထုတ်ရမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှလည်း လိုအပ်သောနည်းပညာများ၊ ငွေကြေးနှင့် သင်ထောက်ကူပစ္စည်းများ နှစ်စဉ်ပံ့ပိုးလျက်ရှိသည်ကို အသိပေးပြောကြားလိုကြောင်း၊ မြန်မာအမျိုးသမီး များနေ့ အကြိုဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် ထူးချွန်အမျိုးသမီးများကို မှတ်တမ်းတင်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အမျိုးကော်မတီဥက္ကဌ ဦးမင်းမင်းလွင် က ရှမ်းပြည်နယ်အတွင်းရှိ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး လူမှုဝန်ထမ်းဦးစီး ဌာန(ရုံးချုပ်)မှ ပေးပို့လာသည့် Video Clipနှင့် အမျိုးသမီးရေးရာအဖွဲ့ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ အား တင်ဆက်ပြသခဲ့သည်။
ထို့နောက် ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆုများချီးမြှင့်ရာ ပြည်နယ်အတွင်း (၃)ထပ်ကွမ်း လူရည်ချွန်ကျောင်းသူ(၃)ဦးနှင့် တိုင်းရင်းသားရိုးရာဝတ်စုံ ဝတ်စားဆင်ယင်မှု တင်ဆက်ပြသကြသည့် တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကလည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်အမျိုးသမီးကော်မ တီနာယက ဒေါ်ညိုမီစောကလည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲ၊ ထုပ်ဆီးထိုးပြိုင်ပွဲ၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသူများနှင့် အာရှသက်ငယ်တန်း စားပွဲတင်တင်းနစ်ပြိုင်ပွဲအတွက် ရွေးချယ်ခြင်းခံရသူတို့အား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှူး၏ ဇနီး နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
၎င်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင် ကြသည့် တိုင်းရင်းသားကြီး(၈)မျိုးနှင့် ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများ၏ ရိုးရာ ဝတ်စားဆင်ယင်မှုများကို တင်ဆက်ပြသခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်သည်တော်ကြီးများ၊ ထူးချွန်ဆုရရှိကြသူများနှင့် တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းနှင့် ခန်းမအပြင်ဖက်တွင် ခင်းကျင်းပြသထားသည့် အမျိုးသမီးရေးရာကော်မတီ ၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့