တောင်ကြီး အောက်တိုဘာ ၂၀
ရှမ်းပြည်နယ် အသင်းအဖွဲ့များမှတ်ပုံတင်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)ကို အောက်တိုဘာလ(၂၀)ရက် နံနက် ၁၀နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်လူမှုရေးရာဝန်ကြီး ရုံးခန်း၌ ကျင်းပကြောင်း သိရသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်မှတ်ပုံတင်ရေးအဖွဲ့၊ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၂၈)ရက်နေ့တွင် နိုင်ငံတော်စီမံရေး ကောင်စီ၏ ဥပဒေအမှတ် ၄၆/၂၀၂၂ ဖြင့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်ကို ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း၊ ဥပဒေအရ မှတ်ပုံတင်ခွင့် လျှောက်ထားလာရာတွင် အမှုဆောင်များနှင့်သာ ဖွဲ့စည်းထားပြီးအသင်းဝင်များ ပါဝင်ဖွဲ့စည်းထားရှိခြင်း မရှိသည်ကို စိစစ်တွေရှိပါသဖြင့် အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်နယ် မှတ်ပုံတင်ရေး အဖွဲ့ဝင်များမှ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအပြင် သက်ဆိုင်ရာကဏ္ဍအလိုက် တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ အသင်းအဖွဲ့ မှတ်ပုံတင်ခွင့် ပေးသင့်/ မပေးသင့်ကို ဝိုင်းဝန်းဆွေးနွေး ပေးကြပါရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်မှတ်ပုံတင်ရေးအဖွဲ့ဝင်များမှ အသီးသီးအပြန်အလှန် ဆွေးနွေးကြပြီး ရှမ်းပြည်နယ် မှတ်ပုံတင်ရေးအဖွဲ့၊ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က နိဂုံးချုပ်အမှာစကားပြောကြား ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး