တောင်ကြီး ဇန်နဝါရီ-၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရေပေးဝေရေးဆိုင်ရာလုပ်ငန်း သဘောတူစာချုပ် ချုပ်ဆို နိုင်ရေး ဆောင်ရွက်ထားရှိမှုများ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လာရောက်ရှင်းလင်း တင်ပြခြင်းကို ဇန်နဝါရီလ (၁၀)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူးဦးစိုင်းထွန်းထွန်းက တောင်ကြီး မြို့ပေါ် ရပ်ကွက်များသို့ သန့်ရှင်းသောသောက်သုံးရေလုံလောက်စွာရရှိရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကုမ္ပဏီတာဝန်ရှိသူများမှ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်(၂၂)ရပ်ကွက်သို့ ရေပေးဝေမည့် လုပ်ငန်းအခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က သက်ဆိုင်ရာဌာနများအနေဖြင့် အကြံပြု ဆွေးနွေးပေးကြရန်နှင့် ကုမ္ပဏီအနေဖြင့်လည်း ပြည်သူများကို ရေပေးဝေရေးကိစ္စဖြစ်၍ သင့်တော်သော စျေးနှုန်းဖြင့် ဖြန့်ဝေပေးကြရန် ကုမ္မဏီအနေဖြင့် လုပ်ကိုင်မှုရရှိနိုင်ရန် အစိုးရအဖွဲ့က ကူညီဆောင်ရွက် ပေးရမည်ဖြစ်ပြီး အဓိကမှာ စည်ပင်သာယာရေးဌာနမှဦးဆောင်၍ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသွားသည်။
၎င်းနောက် တက်ရောက်လာကြသော သက်ဆိုင်ရာဌာနများ၊ ပြည်နယ်ဝန်ကြီးများက တောင်ကြီးမြို့ ရေပေးဝေရေးကိစ္စရပ်နှင့်ပတ်သက်၍ အကြံပြုဆွေးနွေးကြကြောင်းသိရသည်။
အလားတူ ကလောမြို့နှင့်အောင်ပန်းမြို့များတွင် တိုးချဲ့ရေးပေးဝေနိုင်ရေးအတွက် ဆောင်ရွက်နေမှု နှင့်ပတ်သက်၍ ပြည်နယ်စည်ပင်သာယာရေးညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ပင်လောင်းမြို့နယ် ရေခေါင်းတိုကျေးရွာ ရေခေါင်းတိုရေထွက်မှ ကလောမြို့နှင့် အောင်ပန်းမြို့သို့ ရေသွယ်တန်းမည့် အခြေအနေ များနှင့် ဟဲဟိုးမြို့ အင်ခေါင်းဆည်(ရေထွက်)မှ ရေသွယ်တန်းမည့် အခြေအေနများကို ရှင်းလင်းတင်ပြပြီး မဏိဇောတနေလကုမ္မဏီ တာဝန်ရှိသူတစ်ဦးမှ ကလောမြို့နှင့်အောင်ပန်းမြို့များသို့ ရေပေးဝေရေး ကိစ္စရပ် များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ကြသည်။
၎င်းနောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကလောခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌတို့က ကလောမြို့နှင့် အောင်ပန်းမြို့သို့ ရေပေးဝေရေးကိစ္စရပ်များကို အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က ဘယ်ရေထွက်ကယူယူ ရေသွယ်တန်းပါက စည်ပင်သာယာရေးဌာနမှ ထိန်းသိမ်းပေးရမည်ဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့်လည်း လုပ်ငန်းများကို ပြန်လည်တွက်ချက်ဆောင်ရွက်တင်ပြပေးရန်လိုအပ်ပါကြောင်း၊ ကလောဒေသသည် နှစ်စဥ်ရေရှိမှု အခက်အခဲရှိသဖြင့် ရေရရှိရေးကို အောင်မြင်စွာ ဆောင်ရွက်ပေးစေလို ကြောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် စည်ပင်သာယာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ကုမ္ပဏီအနေဖြင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန် လမ်းညွှန်ပြောကြားသွားသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့