တောင်ကြီး နိုဝင်ဘာ-၂၇
Myanmar Power Concrete Co.,Ltd မှ တောင်ကြီးမြို့၊ ဂနိုင်ကန်လမ်းဆုံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အဆိုပြုဒီဇိုင်းပုံးစံအား ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လာရောက် ရှင်းလင်းခြင်းကို နိုဝင်ဘာလ ၂၆ ရက်၊ ညနေ (၄) နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှင်းလင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ကုမ္ပဏီမှအဆိုပြုတင်ပြချက် များအပေါ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက အကြံပြုဆွေးနွေးပေးကြရန်၊ လမ်းများကောင်းမွန်သွားပါက ပြည်သူများအတွက်အကျိုးပြုမှာဖြစ်ပြီး သက်ဆိုင်ရာဌာနများက ရှင်းလင်းဆွေးနွေးပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် Myanmar Power Concrete Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက တောင်ကြီးမြို့ဂနိုင်ကန်လမ်းဆုံအနီး ရေမြောင်းနှင့်လမ်းများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆိုင်ရာများ ကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းကဏ္ဍ အလိုက် ဆွေးနွေးခြင်းနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များဖြည့်စွက်ဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးမှုများအပေါ် ဂနိုင်ကန်လမ်းဆုံအနီးရေမြောင်းနှင့် လမ်းများအဆင့်မြှင့်တင်ခြင်း ဆောင်ရွက် ပါက ရေဝပ်နိုင်သည့်ဧရိယာများ၊ လျှပ်စစ်နှင့်ဆက်သွယ်ရေးကေဘယ်ကြိုးများ ရှုပ်ထွေးမှုမရှိစေရန် အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့