တောင်ကြီး နိုဝင်ဘာ-၂၄
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ (၂၃) ရက်၊ နံနက် (၁၀) နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ ကျိုင်းတုံ မြို့၊ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း (မူကြမ်း) ရေးဆွဲခြင်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တာဝန်ရှိသူများမှ လာရောက် ရှင်းလင်းကြောင်း သိရသည်။
ထို့နောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူတစ်ဦးက ကျိုင်းတုံမြို့၊ မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း(မူကြမ်း)ရေးဆွဲခြင်း၊ အိမ်ရာဆောင်ရွက်မည့်နေရာတွင် အမှိုက်ကျင်းများ ဆောင်ရွက် ထားရှိမည့် အခြေအနေများကိုရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က အမှိုက်စွန့်ပစ်သည့် စနစ်ဆောင်ရွက်ပေး နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးသွားကြောင်းသိရသည်။
၎င်းနောက် တောင်ကြီးမြို့နယ်၊ ကံကြီးရပ်ကွက်နှင့် ဖာမွန်းရပ်ကွက်ကြားတွင် ဝန်ထမ်းအိမ်ရာ၊ အဌား အိမ်ရာဆောင်ရွက်မည့် အဆောက်အဦပုံစံ၊ အကျယ်အဝန်းနှင့်ပတ်သက်၍ တောင်ကြီးမြို့၊ မြို့ပြဖွံ့ဖြိုးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသွား ကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ နှင့်အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကုန်သွယ်မှု လွယ်ကူချောမွေ့စေရန်အတွက် ဆောင်ရွက်ပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က ဌာနအလိုက်လုပ်ငန်းများ၊ ဆောင်ရွက်ချက်များနှင့် အကြံပြုချက်များ တင်ပြ ပေးကြရန်နှင့် အားလုံးကဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသောပြည်နယ်မြေစာရင်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ဝမ်ပုံဆိပ် ကမ်းမြေနေရာနှင့်ပတ်သက်၍လည်းကောင်း၊ ပြည်နယ်အကောက်ခွန်ဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှုများ၊ ပြည်နယ်လမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက တာလေ-ပါလျှိုး-ကျိုင်းတုံ လမ်းနှင့်ပတ်သက်၍လည်းကောင်း၊ ပြည်နယ်ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ပြည်နယ်ဦးစီးမှူးက မဲခေါင်အပြည်ပြည်ဆိုင်ရာ မြစ်တွင်းဆိပ်ကမ်း (ဝမ်ပုံ)၏ သမိုင်းအကျဥ်းများကို ရှင်းလင်းတင်ပြကြသည်။
၎င်းနောက် အထွေထွေဆွေးနွေးကြရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး တို့က ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန်အတွက် ဆောင်ရွက်ရန်လုပ်ငန်း ကဏ္ဍအလိုက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဆွေးနွေးတင်ပြချက်အပေါ် ပြည်ထောင်စုမှ ဆောင်ရွက်နေသည့်အပိုင်းတွင် ပြည်နယ်အနေဖြင့် ခွဲခြား၍အကြံပြုတင်ရန်၊ ပြည်နယ် အပိုင်းမှ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှတင်ပြမှသာ သိရှိနိုင်မည်ဖြစ် ကြောင်း၊ ပြည်ထောင်စုက တွန်းအားပေး ဆောင်ရွက်နေသလို ပြည်နယ်အဆင့်ကလည်း ဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ တာဝန်ရှိသူတို့နှင့်အတူ ရှမ်းရိုးမမွေးမြူရေးဇုန် (၁) ရှင်းလင်းဆောင်းခန်းမတွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပကြောင်းသိရသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အခြေခံစားကုန်များကို ကုန်စျေးနှုန်းလျှော့နည်း ကျဆင်းအောင် မည်ကဲ့သို့ဆောင်ရွက် ရန် အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ သဘာဝဘေးဒဏ်ကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲများနှင့် ကြုံတွေ့ခဲ့ရပါသဖြင့် ကုန်စျေးနှုန်းများမြင့်တက်လာမှုနှင့် ပြည်သူများက ကြုံတွေ့ရပါကြောင်း၊ ကုန်စျေးနှုန်းမြင့်တက် လာမှုအပေါ် အဖြေရှာရန်နှင့် ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီများက ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ မွေးမြူရေးလုပ်ငန်းရှင်များမှ ဆွေးနွေးခြင်း၊ တိရစ္ဆာန်အစာထုတ်လုပ်ရောင်းချသူများ၊ အသား၊ ဥရောင်းချသူများ၊ ပြည်နယ်ကုန်စျေနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့များမှ တင်ပြဆွေးနွေးကြ ကြောင်း သိရသည်။
၎င်းနောက် တက်ရောက်လာကြသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ ကုန်စျေးနှုန်း တည်ငြိမ် ကျဆင်းရေးအတွက် လုပ်ငန်းကဏ္ဍအလိုက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နေရာအလိုက် ကုန်စျေးနှုန်းသတ်မှတ်၍ ထိန်းကြောင်းပေးရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များမှ လာရောက်ဆွေးနွေး ပေးသည့်အတွက် ကုန်စျေးနှုန်း၏အဖြေကို သိရှိရပြီး အားလုံးက ဝိုင်းဝန်းဖြေရှင်းပေးရန် လိုအပ်ပါကြောင်း၊ အားလုံးကအကျိုးအမြတ်ရရှိအောင် ဆောင်ရွက်နေကြ သော်လည်း ဝိသမလောဘသားများမဖြစ်ရအောင် ထိန်းသိမ်းပေးရမည်ဖြစ်ကြောင်း၊ ပြည်သူများအတွက် သင့်တယ်မျှတသော စျေးနှုန်းဖြင့်ရရှိနိုင်အောင် ထိန်းကြောင်းပေးရမည်ဖြစ်ကြောင်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းအား နိုင်ငံတော်၊ ပြည်နယ်အစိုးရအဖွဲ့က အားပေးပါကြောင်း၊ ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးသည် ကော်မတီများမှ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ နိဂုံးချုပ်စကားပြောကြားကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့